Home
မြန်မာသတင်း
မဲသ​ဝေါ​ဒေသတွင်​ တပ်​မ​တော်​ နှင့် ဒီ​ကေဘီ​အေခွဲထွက်​အဖွဲ့တို့ တိုက်​ပွဲဖြစ်​ပွား
DVB
·
September 3, 2017
ကရင်ပြည်နယ် မြိုင်ကြီးငူ မဲသဝေါဒေသမှာ စက်တင်ဘာ ၂ ရက်နေ့မွန်းလွဲပိုင်းက တပ်မတော် နဲ့ တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) ခွဲထွက်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ကျုံထော်ရေတံခွန်အောက် ထီးဖာ့ဒို့အနီးမှာ တပ်မတော် တပ်မ ၂၂ လက်အောက်ခံ ခမရ ၂၀၃ တပ်စွဲထားတဲ့နေရာကို ဗိုလ်ဖူးကလပ်ဦးစီးတဲ့ ဒီကေဘီအေ တပ်ဖွဲ့က ၀င်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ “မြိုင်ကြီးငူ မဲသဝေါ တစ်ဝိုက်ဟာ တစ်ချိန်က ဒီကေဘီအေ ထိန်းချုပ်ရာ နယ်မြေဖြစ်ပြီး ၂၀၁၅-၂၀၁၆ ခုနှစ်က စတင်ကာ တပ်မတော်နဲ့ ဘီဂျီအက်ဖ်တို့ပူးပေါင်းပြီး လာရောက် တိုက်ခိုက်ခဲ့လို့ နယ်မြေဒေသ ဆုတ်ခွာပေးခဲ့ရတာဖြစ်တယ်၊ မိမိတို့ဒေသကို ကျူးကျော်သိမ်းပိုက်ထားတဲ့ တပ်မတော်နဲ့ ဘီဂျီအက်ဖ် တပ်ဖွဲ့တွေကို အခုလို ပြန်လည်တိုက် ခိုက်တာ” လို့ ဒီကေဘီအေအဖွဲ့မှ ဗိုလ်မှူးစောသက်နိုင်ဦးက ပြောပါတယ်။ နာရီဝက်လောက် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဒီကေဘီအေတပ်ဖွဲ့ဘက်က ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဘူးလို့လည်း သိရပါတယ်။ နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုအခြေနေနဲ့ ပတ်သက်လို့ နယ်ခြားစောင့်တပ်ရင်း (ဘီဂျီအက်ဖ်) မှ အမည်မဖော်လိုတဲ့ ဒုတပ်ရင်းမှူးအဆင့်ရှိ ဗိုလ်မှူးတဦးကို ဆက်သွယ်မေးမြန်းရာမှာ “ဟုတ်ပါတယ်။ မြိုင်ကြီးငူဘက်ခြမ်းမှာတော့ ပြောရင်း ၁၄ (၁၀၁၄) ရယ်၊ ၁၁ (၁၀၁၁)ရယ် အဲဒီဘက်ခြမ်းမှာ တပ်မ ၂၂ လက်အောက်ခံ တပ်ရင်းတွေလည်းရှိတယ်။ နှစ်ဖက်ထိခိုက်မှုတွေကတော့ ကြားတော့ မကြားဘူး။ တိတိကျကျ ပြောဖို့ခက်တယ်။ သူတို့က ပြောက်ကျားစနစ်ပါပဲ။ ဒီကေဘီအေအဖွဲ့က ပြောမယ်ဆိုရင် ချုံခိုတိုက်တဲ့သဘောပါ။ ဆွဲမိုင်းလည်း အဲဒီသဘောပါပဲ” လို့ ပြောပါတယ်။ မဲသဝေါဒေသမှာ နှစ်ဖက်တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတဲ့တွက် မြိုင်ကြီးငူ စစ်ဘေးရှောင်စခန်းက ဒေသခံတွေဟာ မိမိတို့ ဒေသကို ပြန်လည်အခြေချနေထိုင်ဖို့အတွက် စိုးရိမ်မှုတွေရှိနေသလို ပြန်ဖို့ဆိုတာ မဖြစ်နိုင်သေးဘူးလို့ စစ်ဘေးရှောင်စခန်းတာဝန်ခံ အုပ်ချုပ်ရေးမှူး ဦးစောဆွေထွန်းက ဒီဗွီဘီကို ပြောပါတယ်။ ဒီကနေ့မနက်မှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024