အမေရိကန်အထူးသံ ရွေးကောက်ပွဲအကြို မန္တလေးမှာစုံစမ်း
အေးနိုင်
·
March 16, 2012

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက်မစ်ချယ် ဦးဆောင်တဲ့ အဖွဲ့ဟာ မန္တလေးတိုင်းကို သွားရောက်ပြီး ရွေးကောက်ပွဲ အကြိုကာလ အခြေအနေတွေကို လေ့လာ စုံစမ်းမှုတွေ ပြုလုပ်နေပါတယ်။
[caption id="attachment_22691" align="alignleft" width="300" caption="မတ်လ ၁၅ရက်နေ့ သတင်းစာ ရှင်းလင်းပွဲ တွင် တွေ့ရသော အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက်မစ်ချယ်"]
[/caption]
ဒဲရက်မစ်ချယ်နဲ့ အဖွဲ့ဟာ မန္တလေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းရုံးမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မန္တလေးတိုင်း တာဝန် ရှိသူတွေ၊ ရွေးကောက်ပွဲ အောင်နိုင်ရေး တာဝန်ရှိသူတွေကို ဒီမနက် တွေ့ဆုံပြီး ရန်ကုန်နဲ့ နေပြည်တော်မှာ သာမက နယ်တွေက နိုင်ငံရေး အခြေအနေ နဲ့ ကြားဖြတ်ရွေးကောက်ပွဲ အကြို ကာလ အခြေအနေ တွေကို အဓိက စုံစမ်းမေးမြန်းတယ် လို့ တွေ့ဆုံရာမှာ ပါဝင်သူ မန္တလေးတိုင်း ပါတီ တာဝန်ရှိ သူ ဦးမျိုးနိုင်က ပြောပါတယ်။ အောင်နိုင်ရေး အဖွဲ့ထဲမှာလည်း ပါကြတဲ့ ကျောက်ပန်းတောင်း မြို့နယ်မှာ ပြိုင်မယ့် ဒေါက်တာဇော်မြင့်မောင်နဲ့ နွားထိုးကြီးမှာ ပြိုင်မယ့် ဦးပေါခင်တို့က ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ရှင်းပြ ခဲ့ကြတယ် လို့ ပြောပါတယ်။
“ဒေါက်တာ ဇော်မြင့်မောင် ရှင်းပြတဲ့ အခါကျတော့ မဲစာရင်းနဲ့ ပတ်သက်ပြီး သူတို့ဆီမှာ အခက်အခဲ ဖြစ်တယ်။ အချိန်လုံလောက်မှု နည်းတယ်။ သူတို့ မနေ့ကထိ မဲစာရင်း ကူးလို့ မပြီးသေးဘူး။ နောက်တခါ မဲစာရင်း ထပ်နေတာတွေ၊ မှားနေတာတွေ အများကြီး တွေ့ရတယ်။ အဲ့ဒီ အခက်အခဲတွေဟာ သူတို့ပေးတဲ့ အချိန် အတိုင်းအတာ အတွင်းမှာ လုပ်ဖို့ ခက်ခဲတယ် ဆိုတာတွေကို အဓိက ထား ပြောခဲ့တယ်။”
နေပြည်တော်နဲ့ ရန်ကုန်မှာ နိုင်ငံရေး ပါတီတွေ၊ ကော်မရှင် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တဲ့ အမေရိကန် ကိုယ်စားလှယ်ဟာ မနေ့ကပဲ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လွတ်လပ် သန့်ရှင်းမျှတဖို့ လိုတယ်လို့ ရန်ကုန် က သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။
ဒါကြောင့် ဘာကြောင့် မန္တလေးမှာ ထပ်မံ စုံစမ်း မေးမြန်းရတာလဲလို့ မေးကြည့်တဲ့အခါ ဦးမျိုးနိုင်က နေပြည်တော်မှာ ကြုံရတဲ့ အခြေအနေနဲ့ ကျန်နယ်တွေရဲ့ အခြေအနေတွေ နှိုင်းယှဉ် နိုင်အောင် လာရောက် စုံစမ်းတာလို့ ဖြေဆိုပါတယ်။
“ပြောတာကတော့ ရှင်းပါတယ်။ သူတို့ဟာ ပြည်ထောင်စု ကော်မရှင် နဲ့တွေ့ခဲ့ပြီ။ ပြည်ထောင်စုကော်မရှင်ဟာ ၂၀၁၀ နဲ့ မတူတဲ့ အခြေအနေကောင်းတွေ တွေ့ရပြီ။ ဒါပေမယ့် အောက်ခြေမှာ ရှိတဲ့ တိုင်း၊ ရပ်/ကျေးမှာ ရှိတဲ့ ကော်မရှင်တွေမှာက ကျနော်တို့ တင်ပြတဲ့ အတိုင်း ကွဲလွဲနေတာ တွေ့ရတယ်။ ဒါကြောင့် ရန်ကုန်နဲ့ နေပြည်တော် မှာသာ မကဘဲ မြို့ကြီးတွေမှာ ရှိတဲ့ မြို့နယ်တွေက အန်အယ်လ်ဒီ တွေနဲ့ တွေ့ဆုံ မေးမြန်း နေတာလို့ သုံးသပ်လို့ ရပါတယ်။”
မစ္စတာ ဒဲရက်မစ်ချယ်နဲ့ အဖွဲ့ဟာ မန္တလေးတိုင်း ပြည်ခိုင်ဖြိုးပါတီ က တာဝန်ရှိသူတွေနဲ့ လည်း တွေ့ဆုံခဲ့တယ် လို့ သိရပါတယ်။ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ကျင်းပမယ့် မဲဆန္ဒနယ် နေရာ ၄၈ စလုံးကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အန်အယ်လ်ဒီ ပါတီနဲ့ ပြည်ခိုင်ဖြိုးတို့က နေရာပြည့် ၀င်ပြိုင်ကြမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအပေါ် စီးပွားရေး၊ သံတမန်ရေး ပိတ်ဆို့ ဒဏ်ခတ်ထားတဲ့ အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပ သမဂ္ဂတို့က ကြားဖြတ်ရွေးကောက်ပွဲ တရားမျှတမှု ရှိ၊ မရှိ အချက်ဟာ ပိတ်ဆို့ဒဏ်ခတ်မှု ရုပ်သိမ်းရေး၊ မရုပ်သိမ်းရေး ဆုံးဖြတ်ချက်ကို တိုင်းတာတဲ့ ပေတံ တခု ဖြစ်မယ်လို့ ထုတ်ပြောထားပါတယ်။
