Home
မြန်မာသတင်း
ဒဂုံ ၀န်ထမ်းအိမ်ယာ နေရာတွေဖယ်ပေးရမည်
DVB
·
March 16, 2012
ဒဂုံမြို့သစ်အရှေ့ပိုင်းက ၀န်ထမ်းတွေအတွက် နေရာချထားပေးတဲ့ အိမ်ယာတွေကို မတ် ၃၁ ရက် နေ့ နောက်ဆုံးထားပြီး ဖယ်ပေးရမယ်လို့သိရပါတယ်။ ၀န်ထမ်းတွေ အတွက် အိမ်ယာ ဆောက်လုပ်ဖို့ ရောင်းချထားတဲ့ မြေကွက်တွေကို  အိုးအိမ်ဦးစီး ဌာနကနေ မူလ ဈေးနူန်း အတိုင်း ပြန်ပေးပြီးတော့ နေအိမ်တွေကနေ ဖယ်ရှားမယ် လို့ ညွှန်ကြားထားတာပါ။ ဒဂုံမြို့သစ်အရှေ့ပိုင်း မှာ မြေကွက်ပေါင်း ၈၅၀၀ ကျော်ကို  စက်မှုလယ်ယာ စီမံကိန်း အတွက်  အကြောင်းပြပြီး ဖယ်ရှားခိုင်းတာလို့ အိမ်ယာ ဖယ်ရှားခံရသူတွေကို အကူအညီ ပေးနေတဲ့ အမျိုးသားဒီမိုကရေစီ ပါတီသစ်က ဦးမျိုးထွန်းက ပြောပါတယ်။ “မူလက ငွေ ၁သောင်းကျော်၊ ၂သောင်းနဲ့ သွင်းထားတဲ့ ငွေတွေပေါ့။ ၀န်ထမ်းတွေက တလကို ၃ရာ၊ ၄ရာနဲ့သွင်းထားတာ။ အခုလည်း ကျရော အိုးအိမ်ဦးစီး ဌာနက ကြေညာ လိုက်တယ်။ မတ် ၈ရက်နေ့ ကနေ ၃၁ရက်နေ့ အတွင်းကို မြေကွက် ၀ယ်ထားတဲ့ စာရွက်စာတမ်း အထောက် အထားတွေ ပြပြီး ပိုက်ဆံ လာထုတ်ပါ ဆိုပြီး တော့ ပြောထားတော့ မြေကွက်မှာ အဆောက်အဦ ဆောက်ထားသူတွေ၊ ဘုန်းကြီးကျောင်း ၊ အငြိမ်းစား ၀န်ထမ်းတွေ၊ ၀န်ထမ်းဟောင်းတွေက သူတို့ရဲ့ မြေတွေ ကို ပြန်သိမ်းခံ ရတော့မယ်။ သူတို့ အိုစာမင်းစာ သိမ်းထားတဲ့ငွေတွေဟာ အခုတော့ မင်းစာ ဖြစ်သွားပြီ ဆိုပြီး စိတ်မကောင်း ဖြစ်နေကြတယ်။” ပြောင်းရွှေ့ခံရမယ့် ရပ်ကွက်တွေထဲမှာ ၁၂၁၊ ၁၂၂၊ ၁၂၃၊ ၁၂၆၊ ၁၂၇၊ ၁၂၈၊ ၁၂၉၊ ၁၅၇၊ ၁၅၈၊ ၁၅၉နဲ့ ၁၆၀ ရပ်ကွက်က လူနေအိမ် မြေကွက်တွေ ပါဝင်တယ်လို့ သိရပါတယ်။ ၀န်ထမ်းတွေဟာ ၁၉၉၃ ခုနှစ် ကတည်းက အဲဒီရပ်ကွက်မှာ နေထိုင်ခဲ့တာလို့ အမြောက်တပ်က အငြိမ်းစား တပ်မတော်သားဟောင်း တဦးက ခုလို ပြောပါတယ်။ “ဒီရပ်ကွက် စချပေးကတည်းကစပြီး ဒီနေ့ထိ ကျနော်တို့က လမ်းပန်း ဆက်သွယ်ရေးလည်း မကောင်း။ ရေ၊ မီးလည်း မရှိဘဲ နေလာခဲ့ရတာပါ။ အငြိမ်းစားတွေ၊ ဆင်းရဲသားတွေ နေကြတယ်။ မပြည့်မစုံနဲ့ နေရတဲ့ ဆင်းရဲသားတွေက ဒီခြံဝင်းကို ၀ယ်ဖို့ ဆိုတာဟာ အတော်လေးကို ခက်ခက်ခဲခဲ နဲ့ ဘ၀ကို ရုန်းထားရတယ်။ အခုလို သူတို့ နေထိုင်တာ အခြေကျတဲ့ အချိန်မှာ လာလုပြီး သိမ်းလိုက်တယ်။ ဖယ်ဖို့ ပြောလာတဲ့ အခါကျတော့ ပြည်သူတွေဟာ စိတ်လည်း မကောင်းဘူး။ သူတို့တွေ မျက်ရည်လည်း ကျရတယ်။ ကျနော်လည်း အတော်လေး စိတ်ထဲမှာ ထိခိုက်တာပေါ့။” ပြောင်းရွှေ့ရမယ့် ဒဂုံမြို့သစ် အရှေ့ပိုင်း ရပ်ကွက်ကြီး ၁၁ ရပ်ကွက်က နေအိမ် ပိုင်ရှင်တွေဟာ မတ် ၁၃ ရက် နေ့မှာ မူလ တန်ဖိုး ကျပ် ၁၂၀၀၀ ကို လာမထုတ် ရင် နောက်ပိုင်း ကိစ္စကိုလည်း တာဝန်ယူမှာ မဟုတ်ဘူးလို့ အိုးအိမ်ဌာန က ပြောကြား ထားတယ် လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024