သံလွင်မြစ်ကမ်းနံဘေး၌ တန် ၄၀၀၀ ခံ ဆိပ်ခံတည်ဆောက်မည်
ဆုဆုသွယ်
·
August 31, 2017
သံလွင်မြစ်ကမ်းနံဘေးမှာရှိတဲ့ ကရင်ပြည်နယ် ဘားကပ်ကျေးရွာမှာ တန် ၄၀၀၀ ခံနိုင်ဝန်ရှိတဲ့ ဆိပ်ခံ တည်ဆောက်မယ့် စီမံကိန်းနဲ့ပတ်သက်ပြီး ဒီနေ့ ကျင်းပတဲ့ ကရင်ပြည်နယ်လွှတ်တော် အရေးပေါ် လွှတ်တော်အစည်အဝေးမှာ အဆိုတင်သွင်းလိုက်ပါတယ်။
ဒီအဆိုကို ကရင်ပြည်နယ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တော၊ သတ္တုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးဦးစောပြည်သာ တင်သွင်းလိုက်တာပါ။
ဆိပ်ကမ်းတည်ဆောက်ပြီးစီးပါက စက်မှုဇုန်တွေ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်သလို ကုန်စည် စီးဆင်းမှုတွေပါ လျင်မြန်စွာ လုပ်ဆောင်လာနိုင်မှာ ဖြစ်တာကြောင့် ကရင်ပြည်နယ်အတွက် အကျိုးပြုစီမံကိန်းတရပ် ဖြစ်လာနိုင်တယ်လို့ ဝန်ကြီးဦးစောပြည်သာက ပြောပါတယ်။
“အဲဒီ ဆိပ်ခံတံတားဟာ အလျားပေ ၄၀၀၀ ကျော် ဧရိယာ ၁၂.၁၆ ဧက ကျယ်ဝန်းတာပါ။ စီမံကိန်းတည်ဆောက်မှုကိုတော့ အပိုင်းသုံးပိုင်းခွဲကာ ၃ နှစ်စီမံကိန်းအနေနဲ့ လုပ်ဆောင်သွားမှာ ဖြစ်သလို စီမံကိန်းမှာ ဆိပ်ခံဘောတံတား ၂ ခု၊ ကွန်ကရစ်ဘောတံတား ၁ စင်းနဲ့ ကွန်ကရစ်လမ်းအကျယ် ဖောက်လုပ်ပေးတာတွေ ပါဝင်မှာ ဖြစ်ပါတယ်။”
ဆိပ်ခံတံတား တည်ဆောက်ဖို့အတွက် အမေရိကန်ဒေါ်လာ ၁၀ သန်းနဲ့ မြန်မာကျပ်ငွေ သန်း ၁ သောင်း ၃ ထောင် ရင်းနှီးမြှုပ်နှံမယ်လို့ သိရပါတယ်။ စီမံကိန်းတည်ဆောက်ဖို့အတွက် ဦးကျော်လွှမ်းမိုးကုမ္ပဏီက ဆောက်လုပ်ခွင့် ရရှိထားတယ်လို့ သိရပါတယ်။