အင်းတော်မြို့နယ်တွင် မူးယစ်ဆေးဝါး ကျပ် ၁၅ သိန်းကျော်ဖိုး ဖမ်းမိ
DVB
·
August 31, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် ဆိပ်သာကျေးရွာအနီးမှာ ကာလတန်ဖိုး ကျပ် ၁၅ သိန်းကျော်တန်ဖိုးရှ်ိ မူးယစ်ဆေးဝါးတွေကို ဒီနေ့မနက်က ဖမ်းဆီးရမိခဲ့တယ်လို့ အင်းတော်မြို့မ ရဲစခန်းမှူး ဒုရဲမှူးသက်တင်ဦးက ပြောပါတယ်။
အင်းတော်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်အောင်အောင်နဲ့ တပ်ဖွဲ့ဝင်တွေဟာ ဆိပ်သာကျေးရွာ မြောက်ဘက် ၁ မိုင်လောက်အကွာ လေးတန်ချောင်းကမ်းဘေးတောစပ်မှာ မူးယစ်ဆေးဝါးသတင်းအရ သက်သေတွေနဲ့အတူ ဝင်ရောက်ရှာဖွေရာမှ ဖမ်းဆီးမိခဲ့တာလို့ ဆိုပါတယ်။
တောစပ်ရှိ မိုးကာတဲအတွင်း ကျော်နိုင်ဝင်း(ခ)ဦးကျော်နဲ့ လှိုင်စိုးတို့ကို တွေ့ရှိပြီး ရှာဖွေရာ ကျပ်သိန်း ၁၅၂၅၀၀၀ တန်ဖိုးရှိ WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြားတွေနဲ့ ဘိန်းဖြူမှုန့်တွေ တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ အင်းတော်မြို့မရဲစခန်းမှူး ဒုရဲမှူး သက်တင်ဦးက ပြောပါတယ်။
မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသူ အင်းတော်မြို့နယ်၊ ကျွဲကူးကျေးရွာနေ ကျော်နိုင်ဝင်း (ခ) ဦးကျော် (၃၃-နှစ်) နဲ့ အင်းတော်မြို့နယ်၊ ဆိပ်သာကျးရွာနေ လှိုင်စိုး(၂၆-နှစ်) တို့ကို အင်းတော်မြို့မရဲစခန်းက မယ(ပ)၇၁/၂၀၁၇ မူးစိတ်ပုဒ်မ ၁၅/၁၉(က)/ ၂၀(က)/၂၁ အရ အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - ကိုကိုလင်း(အင်းတော်)