လိပ်ကျွန်းလူသတ်မှုတွင် ဗြိတိန်ရဲဌာန ဥပဒေချိုးဖောက် စွက်ဖက်ခဲ့ဟု လန်ဒန်ဗဟိုတရားရုံး ပြော

ဓာတ်ပုံ - ပီအေ
ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ခိုတောင်ကျွန်းခေါ် လိပ်ကျွန်း လူသတ်မှုနဲ့ သေဒဏ်အပြစ်ပေးခံထားရတဲ့ မြန်မာလူငယ် ၂ ဦးအမှုမှာ ဗြိတိန် အမျိုးသားရာဇဝတ်ပြစ်မှုဆိုင်ရာ အေဂျင်စီ (အန်စီအေ) က ဥပဒေချိုးဖောက်ပြီး ဝင်ရောက်စွက်ဖက်တာတွေ ပြုလုပ်ခဲ့တယ်လို့ လန်ဒန်မြို့ ဗဟိုတရားရုံးက ပြောလိုက်ပါတယ်။ ဒီအမှုမှာ ကိုင်တွယ်နေတဲ့ ထိုင်းရဲတွေရဲ့ သတင်းရယူ ထောက်လှမ်းမှုတွေမှာ ဗြိတိန်ရဲတွေက ဥပဒေချိုးဖောက်ပြီး စွက်ဖက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာလူငယ် ၂ ဦးဖြစ်တဲ့ ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ ၂ ဦးဟာ ကျွန်းပေါ်မှာ ဗြိတိန်နိုင်ငံသားစုံတွဲ အသတ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် အောက်တိုဘာလဆန်းက အဖမ်းခံရကာ ၂၀၁၅ ဒီဇင်ဘာ ၂၄ ရက်မှာ သေဒဏ်စီရင်ခံခဲ့ရပြီး လက်ရှိမှာတော့ နွန်ထပူရီခရိုင် ဘန်ခွမ်အကျဉ်းထောင်မှာ အကျဉ်းကျခံနေရပါတယ်။ ဗြိတိန်ရဲတွေဟာ ထိုင်းနိုင်ငံ စုံစမ်းစစ်ဆေးရေးဌာန ရဲတွေကို သေဆုံးသူ ဒေးဗစ်မီလာရဲ့ဖုန်း ဘယ်နေရာမှာရှိတယ်ဆိုတာကို သတင်းပေးခဲ့တဲ့အတွက် အဲဒီအချက်အလက်ကိုသုံးပြီး သေဆုံးသူစုံတွဲနဲ့ မြန်မာလူငယ် ၂ ဦး လိပ်ကျွန်းပေါ်မှာ အတူရှိနေတယ်ဆိုတာကို သက်သေပြနိုင်ဖို့ အကူအညီပေးခဲ့တယ်လို့ ပြောပါတယ်။ ဒီကိစ္စကို မြန်မာလူငယ် ၂ ဦးဘက်က လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေတွေက တရားရုံးဆီ သတင်းပေးခဲ့တာလို့ ဆိုပါတယ်။ လိပ်ကျွန်းပေါ် ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့အမှုမှာ တရားလိုက ထိုင်းရဲတပ်ဖွဲ့ဖြစ်ပြီး  မြန်မာလူငယ် ၂ ဦးကို သက်သေခိုင်လုံမှုမရှိဘဲ သေဒဏ်ချမှတ်ခဲ့တယ်ဆိုပြီး ဝေဖန်မှုတွေ မြင့်တက်နေတာပါ။ အန်စီအေဟာ အမေရိကန်နိုင်ငံရဲ့ အက်ဖ်ဘီအိုင်အဖွဲ့နဲ့ အဆင့်တူဖြစ်ပြီး ခုလို ဥပဒေချိုးဖောက် ပြုမူခဲ့တဲ့အပေါ် ဆွေးနွေးတွေ့ဆုံမှုတွေ ပြုလုပ်သွားမယ်လို့ ဒီကနေ့ ဘန်ကောက်ပို့စ် သတင်းတပုဒ်မှာ ဖြော်ပထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up