ရခိုင်ပြည်နယ်ပြဿနာဟာ ဒီအခြေအနေလောက်နဲ့ ရပ်တန့်သွားမှာမဟုတ်ဘဲ IS အကြမ်းဖက်အဖွဲ့တွေရဲ့ ထောက်ပံ့မှုတွေ ဝင်လာနိုင်တယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောပါတယ်။
ရခိုင်ပြည်နယ် မောင်တောဒေသအတွင်းက နယ်မြေရဲကင်း ၃၀ လောက် ကို အကြမ်းဖက်ဘင်္ဂါလီတွေ အုပ်စုဖွဲ့ဝင်ရောက်တိုက်ခိုက် အကြမ်းဖက်မှုဖြစ်စဉ်နဲ့ပတ်သက်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ခုလို ပြောကြားလိုက်တာပါ။
“အနောက်ဖက် တံခါးနဲ့ ပတ်သက်ပြီးတော့ ဒါအခု ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်တွေက သတိပေး ခေါင်းလောင်းသံ ထိုးလိုက်တာဖြစ်ပါတယ်။ ဒီကိစ္စက ဒီလောက်နဲ့ ရပ်တန့်သွားလိမ့်မယ်လို့ မယူဆနိုင်ပါဘူး။ ဒီဘင်္ဂါလီအစွန်းရောက် အဖွဲ့တွေက လောလောဆယ်တော့ လက်နက် ခဲယမ်းသိပ်အကောင်းစား မဟုတ်ပါဘူး။ လက်နက်လည်းပါတယ်၊ ဒုတ်၊ ဓားတွေလည်း ပါတယ်၊ လှံတွေလည်းပါတယ်။ ဒါတွေနဲ့ အင်အားသုံးပြီးတော့မှ တိုက်ခိုက်သော်လည်းဘဲ ဒီနောက်မှာ ဒါကို လျော့တွက်ခဲ့လို့ရှိရင် ကမ္ဘာလုံးနဲ့ချီပြီး ဒုက္ခပေးနေတဲ့ IS အဖွဲ့တွေရဲ့ အဆက်အသွယ် အထောက်အပံ့တွေ ဝင်လာနိုင်တယ်ဆိုတာကို ကြိုတင်မျှော်တွေးထားဖို့လိုမယ်လို့ ယူဆပါတယ်။”
သြဂုတ်လ ၃၀ ရက်နေ့ ပြည်သူ့လွှတ်တော်အဆောက်အအုံမှာ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး သတင်းမီဒီယာသမားတွေက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးရဲ့ သဘောထား မှတ်ချက်မေးမြန်းမှုအပေါ် ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက ပြောဆိုခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံအနောက်တံခါး လုံခြုံစွာတည်ဆောက်ဖို့ အတွက်ဆိုရင် နှစ်ပေါင်း ၇၀ လောက် ဖြစ်ပွားနေခဲ့တဲ့ ပြည်တွင်းစစ်တွေ ချုပ်ငြိမ်းအောင်လုပ်ဆောင်ဖို့လိုသလို တိုင်းရင်းသားအားလုံး လက်ခံတဲ့ ဖက်ဒရယ်တပ်မတော်တစ်ခု တည်ဆောက်ပြီး ကာကွယ်မှသာဖြစ်မယ်လို့လည်း ဝန်ကြီးက ဆိုပါတယ်။