Home
မြန်မာသတင်း
မယ်ရာမိုဒုက္ခသည်စခန်းတွင် ရာသီတုပ်ကွေး H1N1 ဖြစ်ပွားနေ
နော်နိုရင်း
·
August 30, 2017
  ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင် မယ့်စရီးယန်းမြို့နယ် အတွင်းမှာရှိတဲ့ မယ်ရာမို ဒုက္ခသည်စခန်းမှာ ရာသီတုပ်ကွေး H1N1 ဖြစ်ပွားနေကြောင်း စခန်းကျန်းမာရေးတာဝန်ခံ ဆရာစောဆဲဂေထူး က ဒီဗွီဘီကို ပြောပါတယ်။ သြဂုတ်လဆန်းပိုင်းကစပြီး ကိုယ်ပူတာ၊ နာစေးချောင်းဆိုးတာနဲ့ အသက်ရှူလမ်းကြောင်း ပြဿနာတွေကြောင့် လူနာ ၄ ဦးကို ချင်းမိုင်ခရိုင်ကိုပို့ပြီး ဓာတ်ခွဲစမ်းသပ်ရာမှာ H1N1 ပိုးတွေ့ရှိသူ ၃ ဦးရှိခဲ့ကြောင်း ပြောပါတယ်။ လက်ရှိအနေအထားမှာလည်း ရာသီတုပ်ကွေးလက္ခဏာနဲ့ သြဂုတ်လ ၁ ရက်နေ့က ၂၇ ရက်နေ့အထိ စခန်းတွင်းဆေးရုံတက်ရောက်လူနာ ၂၀၉ ဦးရှိနေပြီး ဓာတ်ခွဲစမ်းသပ်ဖို့ ကုန်ကျစရိတ်နဲ့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ဓာတ်ခွဲစမ်းသပ်နိုင်ခြင်းမရှိဘူး လို့လည်း ဆရာစောဆဲဂေထူးက ပြောပါတယ်။ “ရာသီတုပ်ကွေး H1N1 ရောဂါလက္ခဏာနဲ့ဆင်တူ သြဂုတ်လ ၁ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ရောဂါဖြစ်ပွားသူပေါင်း ၂၀၉ ဦးရှိပါတယ်။ အမျိုးသား ၉၅ ဦးနဲ့ အမျိုးသမီး ၁၁၄ ဦးဖြစ်ပါတယ်။ ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေအဖြစ်များပြီး လူလတ်ပိုင်းကတော့ နည်းတယ်။” ရာသီတုပ်ကွေးလက္ခဏာနဲ့ မနေ့ကနဲ့ ဒီနေ့ ကလေး ၂ ဦးသေဆုံးသွားတယ်လို့လည်း ပြောပါတယ်။ ဒီလို ရာသီတုပ်ကွေးလက္ခဏာဖြစ်ပွားနေတဲ့ လူနာတွေကို သီးခြားခွဲထားပြီး ကုသပေးမှုတွေ လုပ်ဆောင်နေသလို ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့ကလည်း ကျန်းမာရေး ၀န်ထမ်းတွေအပြင် ကျန်းမာရေးအဖွဲ့အစည်း တွေနဲ့ပူးပေါင်းပြီး တအိမ်တက်ဆင်း ပညာပေးမှုတွေ  လုပ်ဆောင်ခဲ့တယ်လို့လည်း  စခန်းတာဝန်ရှိ သူတွေက ပြောပါတယ်။ မယ့်စရီးယန်းမြို့နယ်ရှိ ကရင်ဒုက္ခသည်ကော်မီတီကို ဆက်သွယ်မေးမြန်းရာမှာလည်း ရောဂါဖြစ်ပွားမှုကို အတည်ပြုပြောဆိုခဲ့ပါတယ်။ မယ်ရာမို ဒုက္ခသည်စခန်းကို ၁၉၉၅ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး လက်ရှိမှာ လူဦးရေ ၂ သောင်းခန့် နေထိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024