Home
မြန်မာသတင်း
အလွတ်သတင်းထောက် ကိုဇော်မိုးထက်ကို ကချင်ပြည်နယ်ဝန်ကြီးချုပ်၏သားက တရားစွဲ
နော်နိုရင်း
·
August 29, 2017
အလွတ်သတင်းထောက် ကိုဇော်မိုးထက်ကို ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ရဲ့ သားဖြစ်သူ ဒေါက်တာအောင်မိုင်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲဆိုလိုက်ပါတယ်။ ကိုဇော်မိုးထက်ဟာ ပြီးခဲ့တဲ့ သြဂုတ် ၂၃ ရက်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ကချင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပတ်သက်တဲ့ စာတခု ရေးသားခဲ့တဲ့အပေါ် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ရဲ့သား ဒေါက်တာအောင်မိုင်က တရားစွဲဆိုတာလို့ မြစ်ကြီးနားမြို့မရဲစခန်းမှ ဒုရဲအုပ်ကျော်မျိုးသိန်းက ပြောပါတယ်။ “သူကနေပြီး ကချင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ သူ့သား ဒေါက်တာအောင်မိုင်နဲ့ ပတ်သက်ပြီး တင်ထားတဲ့ပို့စ်ကို ဒေါက်တာအောင်မိုင်ကနေပြီးတော့ တရားလိုလုပ်ထားလို့ပါ။ မြစ်ကြီးနားမြို့မ စခန်းမှာပါ။” သူ့ကို သြဂုတ် ၂၆ ရက်နေ့က တရားလိုလုပ် တရားစွဲဆိုခဲ့တာဖြစ်ပြီး မနေ့က သူ့ကို မန္တလေးမြို့ လမ်း ၈၀ မှာ ရဲက ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူ့ကို မြစ်ကြီးနားမြို့မရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့လည်း ဒုရဲအုပ်ကျော်မျိုးသိန်းက ပြောပါတယ်။ “ဘတ်ဖိုးအစီး ၄၀ ကို ဝန်ကြီးချုပ်အမိန့်နဲ့ ဖမ်းဆီးလိုက်တယ်ဆိုတဲ့ အကြောင်းအရာပေါ့နော်။ အဲဒါကို ကချင်ပြည်နယ် ဝန်ကြီးချုပ်ကို များစွာ ကျေးဇူးတင်ရှိပါတယ်လို့ ရေးထားတဲ့စာလည်း ဟုတ်တယ်။ အဲဒီစာရဲ့အောက်မှာ ရေးတဲ့ Comment တခုမှာကျတော့ မြန်မာနိုင်ငံရဲ့ ဝန်ကြီးချုပ်တွေ အားလုံးထဲမှာ အညံ့ဆုံးဝန်ကြီးချုပ်က ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ဖြစ်ပါတယ် ဆိုပြီးတော့ ရေးသားထားတာ။ အဲဒီအောက်မှာမှ ပြန်ထပ်ပြီး Comment မှာ ကချင်ပြည်နယ်ရဲ့ လုပ်ပိုင်ခွင့်တွေနဲ့ ကုမ္ပဏီမြေဂရမ်ကို သူ့သား ဒေါက်တာအောင်မိုင်ရဲ့ အမည်နဲ့လည်း ပေးထားတာရှိပါတယ်ဆိုပြီးမှ သူရေးလိုက်တယ်။ အဲဒါလေးနဲ့ စွဲတာ” လို့ ကိုဇော်မိုးထက်ရဲ့မိတ်ဆွေ ကိုဂျက်နက်က ပြောပါတယ်။ လတ်တလောမှာတော့ ရဲကနေပြီး အမှုကို ဘယ်နေ့တရားရုံးတင်မလဲ ဆိုတာကိုတော့ ဒီနေ့ညနေလောက်မှ သိရမယ်လို့လည်း ပြောပါတယ်။ အဆိုပါပို့စ်နဲ့ Comment တွေကို ပြန်လည်ပယ်ဖျက်ခဲ့ပြီး ဖြစ်ကြောင်းနဲ့ မှားယွင်းစွာ ရေးသားတင်ပြမှုတွေအတွက် နစ်နာမှုရှိခဲ့ပါက အနူးအညွတ် တောင်းပန်တဲ့အကြောင်း ကိုဇော်မိုးထက်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာ ဖေ့စ်ဘွတ်ခ်မှာ တရားဝင် တောင်းပန်ထားပါတယ်။ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲဆိုမှုတွေကို အာမခံပေးရမယ့်အမှုအဖြစ် အမျိုးသားလွှတ်တော်မှာရော ပြည်သူ့လွှတ်တော်မှာပါ ပြင်ဆင်အတည်ပြုထားပြီး ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024