Sunday, June 11, 2023
HomeLead Storyအကြမ်းဖက်သမားများကို အပြတ်ခြေမှုန်းရန် ALP တိုက်တွန်း

အကြမ်းဖက်သမားများကို အပြတ်ခြေမှုန်းရန် ALP တိုက်တွန်း

 

လက်ရှိရခိုင်ပြည်နယ် မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ  ဖြစ်ပွားနေတဲ့အကြမ်း ဖက်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဒါဟာ တိုင်းပြည်ရဲ့အချုပ်အခြာအာဏာကို ထိပါးလာတာဖြစ်လို့ အပြတ်ခြေမှုန်းဖို့ အရေးကြီးတယ်လို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)က ပြောဆိုလိုက်ပါ တယ်။

ရခိုင်ပြည်နယ် မောင်တောဒေသမှာ လွန်ခဲ့တဲ့နှစ်ကတည်းက အကြမ်းဖက်သမားတွေ ၀င်ရောက် ခြေကုပ်ယူထားတဲ့နေရာတခုဖြစ်လာပြီး  ခုရက်ပိုင်းအတွင်းမှာလည်း ရဲလုံခြုံရေး ကင်းစခန်းတွေကိုထပ်ပြီး အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရပါတယ်။

အခုလက်ရှိဖြစ်စဉ်ပိုပြီး ထင်ရှားလာတဲ့အတွက် အပြတ်ခြေမှုန်းဖို့ လိုအပ်တယ်လို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။

“မောင်တောဒေသက အကြမ်းဖက်သမားတွေရဲ့ ခြေကုပ်ယူထားတဲ့နေရာ တခုဖြစ်နေပြီ ဆိုတာကို လွန်ခဲ့တဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့တွေ အသတ်ခံရကတည်းက သတိထားဖို့ လိုအပ်တယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ခြိမ်းခြောက်ခံနေရတာလည်း ကြာပြီဖြစ်တယ်။ အဲလိုပဲ တောက်လျောက်ကြီး အသတ်ခံနေရတာတွေရှိတယ်။ အခုဆိုလို့ရှိရင် တိုင်းပြည်ရဲ့ အချုပ်အခြာ အာဏာကိုထိပါးလာပြီဖြစ်တယ်။ ဒါဟာ တိုင်းပြည်တွက် အင်မတန်မှ ကြောက်စရာ ကောင်းတယ်။ ဒါကို အကြမ်းဖက်သမားတွေကို အပြတ်ခြေမှုန်းဖို့ အရေးကြီးတယ်။ ပြည်သူပြည်သားအားလုံးကလည်း နိုင်ငံတော်နဲ့တထပ်ထဲ ပူးပေါင်းပါဝင်ဖို့ လိုအပ်တယ်။ လူသားချင်းစာနာတယ်ဆိုတာကတော့ အပြစ်မရှိတဲ့လူတွေကို စာနာတာက တမျိုးပေါ့။ ဒါပေမယ့် အပြစ်ရှိတယ်လို့ ထင်ရှားတဲ့လူ ဟူသမျှကို  ထိထိရောက်ရောက် အရေးယူဖို့ အရမ်းလိုအပ်တယ်။”

ရခိုင်ပြည်လွတ်မြောက်ရေးပါတီအနေနဲ့ လွန်ခဲ့တဲ့ နှစ်ကတည်း မိမိဒေသလုံခြုံရေးအတွက် တပ်ချပြီး လုံခြုံရေးယူဖို့ ကြိုးစားခဲ့ပေမယ့် နိုင်ငံတော်အစိုးရနဲ့ ညှိနှိုင်းတာအဆင်မပြေသေးသလို အခုလည်းညှိနှိုင်းနေဆဲပဲလို့ လည်း စောမြရာဇာလင်းက ပြောပါတယ်။

“ကျမတို့က ထိထိရောက်ရောက် ကျမတို့ လက်နက်ကိုင်တပ်ဖွဲ့တွေကို အဲဒီမှာ ထားပြီးတော့မှ ကျမတို့အလုပ်လုပ်ချင်တယ်။ ကျမတို့ လက်နက်ကိုင်တပ်ဖွဲ့တွေ ၀င်ချင်တယ်။ ကိုယ့်နယ်မြေကို လုံခြုံရေးပေးချင်တယ်။ ဒါပေမယ့် အစိုးရနဲ့ ညှိနှိုင်းရတာက အဆင်မပြေသေးဘူး။ ညှိနှိုင်းနေဆဲပဲ ဖြစ်တယ်။ ”

ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ သြဂုတ် ၂၅ ရက်နေ့ကတည်းက အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွား ပြင်းထန်လာခဲ့ပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေ ပိုမိုတိမ်းရှောင်ထွက်ပြေးလာနေကြပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ စစ်သည် ၁ ဦး၊ လ၀က အရာရှိ ၁ ဦး ကျဆုံးပြီး အရပ်သားအများအပြားဒဏ်ရာရရှိသွားတယ်လို့ နိုင်ငံတော်အတိုင်ခံရုံးက ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ-SCOIC

RELATED ARTICLES
- Advertisment -
Google search engine

Most Popular