အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရှမ်းပြည်မြောက်ပိုင်း ပါတီ စည်းရုံးရေး ခရီးစဉ် အဖြစ် မတ် ၁၇ ရက်မှာ လားရှိုးမြို့ ကို သွားရောက်ဖို့ ရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်ကနေ လားရှိုးမြို့ကို လေကြောင်းခရီးနဲ့ သွားရောက်မှာ ဖြစ်ပြီး၊ လားရှိုးက ရန်တိုင်းအောင် ကွင်းမှာ ညနေ ၃ နာရီလောက် လူထုကို ဟောပြောဖို့ စီစဉ်ထားတယ် လို့ လားရှိုး ရှမ်းပြည်နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် အဖြစ် ၀င် အရွေးခံမယ့် ပါတီဝင် တဦးဖြစ်တဲ့ စိုင်းမြင့်မောင်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လားရှိုးခရီးစဉ် အပေါ် ဒေသခံ ပြည်သူတွေရဲ့ သဘောထားနဲ့ အခြေအနေ ပတ်သက်ပြီး ဦးစိုင်းမြင့်မောင်က
“ကျနော်တို့က ဒီရက်ပိုင်းမှာပဲ ကျေးရွာ စည်းရုံးရေးတွေ ဘာတွေ သွားတယ်။ လားရှိုးမြို့ ပတ်ဝန်းကျင်ပေါ့။ အတွင်းထဲ မိုင် ၂၀ လောက် ဝင်ရတဲ့ ခရီးတွေ ကို ရောက်တယ်။ ကျေးရွာ လူထုတွေက အရင်လို မဟုတ်ဘူး။ မီဒီယာတွေရဲ့ ထိုးဖောက်မှု ကြောင့်လည်း နိုင်ငံရဲ့ အခြေအနေကို တော်တော် သိသလို အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို သူတို့က သိတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ကလေးအစ လူကြီးအဆုံး သိကြတယ် ။ ဒေါ်အောင်ဆန်းစုကြည် လာမယ်ဆိုရင် သူတို့ တခါတည်း ကြိုမယ်ပေါ့။ မနက်ကို သူတို့ ရွာကနေပြီးတော့မှ သူတို့ဟာသူတို့ လာကြမယ်။ အိုးစည်ဗုံမောင်းနဲ့ လာကြမယ် လို့ ပြောကြတယ်။ ဒါကြောင့် ကျနော်တို့က ဟောပြောပွဲမှာ ကျေးရွာ လူထုကို ပြောတဲ့ အခါမှာ ရယ်စရာလေး တောင် ပြောရတယ်။ ဒေါ်အောင်ဆန်းစုကြည် လာရင် ကြိုမယ် မဟုတ်လား၊ ကြိုမယ်။ ကြိုမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်လာရင် တအိမ် တယောက် အိမ်စောင့် ထားခဲ့ရမယ်လို့ အဲဒီလို အရွှန်းလေးဖောက်ပြီး ပြောရတဲ့ အခြေအနေတောင် ရှိပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ဟာ မတ် ၁၇ ရက် မှာ လားရှိုးမှာ တည အိပ်မှာ ဖြစ်ပြီး၊ နောက်နေ့မှာ လားရှိုးနဲ့ မိုင် ၃၀ လောက်ပဲ ဝေးတဲ့ သိန္ဒီကို သွားရောက် မှာ ဖြစ်ပါတယ်။ သိန္ဒီမှာ လူထု ဟောပြောဖို့ အစီအစဉ်မရှိဘဲ ဆရာ တော်ကြီးတွေကို ၀င်ရောက် ဖူးမျှော်ပြီး၊ အခု အချိန်ထိ ထောင်ကျနေဆဲ ဖြစ်တဲ့ သိန္ဒီက ပါတီဝင် ဦးစိုင်းအောင်လှ ရဲ့ မိသားစုကိုလဲ ၀င်ရောက် အားပေး စကား ပြောဖို့ ရှိတယ်လို့ ပြောပါတယ်။
အန်အယ်လ်ဒီပါတီဟာ လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ် အမျိုးသား လွှတ်တော် မဲဆန္ဒနယ် အမှတ်၃နဲ့ ရှမ်းပြည်နယ် ကလောမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွေမှာ ယှဉ်ပြိုင်ဖို့ ရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လားရှိုးခရီးဟာ ၂၀၀၂ ခုနှစ် နောက်ပိုင်း ၁၀ နှစ် အကြာ ဒုတိယမြောက် ရှမ်းပြည်နယ် ခရီးလဲ ဖြစ်ပါတယ်။