မိုးညှင်းတွင် လူငယ်တဦး အပေါ့သွားရာမှ မိုင်းနင်းမိ
DVB
·
August 28, 2017

မိုးညှင်းမြို့နယ်၊ အင်းတော်ကြီး နန့်ပဒဲ ရွှေမှော်သွားလမ်းနံဘေးမှာ တကွင်းကျေးရွာမှ လူငယ်တဦး သြဂုတ် ၂၇ ရက်နေ့ ညက အပေါ့သွားရာကနေ မိုင်းနင်းမိခဲ့တယ်လို့ ဟိုပင်ရဲစခန်းက ပြောပါတယ်။
မိုင်းနင်းမိတဲ့ တကွင်းကျေးရွာ ရပ်ကွက် ၁၀ မှ မောင်စိုး ခေါ် စိုးမင်းဦး (၂၀) ကို ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်ပြည်သူ့ဆေးရုံမှာ ပို့ဆောင် ကုသထားတယ်လို့ ဟိုပင်စခန်းမှူးက ပြောပါတယ်။
မိုင်းနင်းမိမှုကြောင့် ယာဘက်ခြေဖဝါး ကြေမွ အက်ကွဲ ဒဏ်ရာရှိခဲ့တဲ့ မောင်စိုးကို လမ်းသွားလမ်းလာ ဆိုင်ကယ် ကယ်ရီသမားတွေက တွေရှိပြီး အကိုဖြစ်သူ ကိုမောင်ဖြိုးအား အကြောင်းကြားကာ ကားနဲ့ ဟိုပင်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့တာလို့ ဆိုပါတယ်။
ဒီနောက် ဟိုပင်ပြည်သူ့ဆေးရုံမှ မြစ်ကြီးနားဆေးရုံကြီးကို လွှဲပြောင်း ကုသမှုခံယူနေရကြောင်း သိရပါတယ်။
သတင်း-မုန်းမုန်းမင်း