Home
မေးမြန်းခန်း
ပြည်သူလူထု ဆန္ဒကို ဆန့်ကျင်ပြီးကာမှ လုပ်တဲ့ အစိုးရတိုင်းက သိပ်ကြာကြာ မခံဘူး
အေးနိုင်
·
March 15, 2012
အစိုးရ ၀န်ကြီးဌာနတွေရဲ့ မြန်မာ ကျပ်ငွေ သိန်း ပေါင်း ထောင်ချီ  ငွေစာရင်း ကွာဟမှု တွေနဲ့ ပတ်သက်တဲ့ ပြည်သူ့လွှတ်တော် ငွေစာရင်း ကော်မတီရဲ့ အစီရင်ခံစာ အကြောင်း  အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို  ဆက်သွယ် မေးမြန်းထားပါတယ်။ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက တွေ့ရှိချက် အရ ပြည်ထောင်စု ၀န်ကြီးဌာန တွေက အလွဲသုံးမှုတွေ၊ စာရင်း မမှန်မကန် ဖော်ပြမှုတွေ တွေ့ရှိတယ်လို့ အစီရင်ခံစာ တစောင် ထွက်တယ် ကြားပါတယ်။ အဲ့ဒါ အများသိအောင် လွှတ်တော်ထဲမှာ တာဝန်ထမ်းတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ ဘယ်လို ပြောပြလို့ ရမလဲ။ “ပြည်သူ့လွှတ်တော် ငွေစာရင်း ကော်မတီ ဆိုတာ ရှိတယ်။ နိုင်ငံတော်နဲ့ ပတ်သက်လို့ စာရင်းစစ်ချုပ်ရုံး ဆိုတာ ရှိတယ်။ ဗိုလ်ချုပ် လွန်းမောင်တို့ ဒုတိယက ဦးမျိုးမြင့်ပေါ့။ သူတို့က နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရကို စာရင်းစစ်ဆေး ချက်ကို ပြည်သူ့ လွှတ်တော် ငွေစာရင်း ကော်မတီကို အစီရင်ခံစာ တင်ပြရတယ်။ ဒါက လုပ်ထုံး လုပ်နည်း အတိုင်းပဲ။ နိုင်ငံတော် စာရင်းစစ်ချုပ် ရုံးရဲ့ စစ်ဆေးချက် မှတ်တမ်း ကို ပြည်သူ့ လွှတ်တော် ငွေစာရင်း ကော်မတီက ရတဲ့အခါမှာ သုံးသပ် ဆွေးနွေးပြီးတဲ့ အခါမှာ လွှတ်တော်ကို ဖြန့်ဝေတဲ့အစီရင်ခံစာပေါ့၊ အစီရင်ခံစာ အမှတ် ၃/၂၀၁၂ ဆိုပြီး ပြည်သူ့ လွှတ်တော်မှာ ဖြန့်ဝေပါတယ်။ အဲဒီကိစ္စကိုလည်း ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးပြီးပြီ။ အဖြေအရ ကျနော်တို့ ကြားတာ သည်ဗွိုက်စ် ဂျာနယ်မှာပါတယ်။ တခြားဂျာနယ်မှာပါတယ်။ ကျနော်တို့ ကိုယ်တိုင်လည်း ဒီကိစ္စရဲ့ မှတ်တမ်းလေးတွေကို ရပါတယ်။ အဲဒီသဘောနဲ့ မြစ်ရေတင် စီမံကိန်းကျတော့ သူတို့ရဲ့ အစီရင်ခံစာက နောက် တခုပေါ့။ မြစ်ရေတင် စီမံကိန်း တခုတည်း မဟုတ်ဘူး။ အဲဒါကလည်း ခုန ကျနော်တို့ရဲ့ စာရင်းစစ်ချုပ် ရုံးရဲ့ အစီရင်ခံစာအပေါ်မှာ ပြည်သူ့ငွေစာရင်း ဌာနရဲ့ သုံးသပ်ချက် ပါ။ မြစ်ရေတင် စီမံကိန်းပေါင်း ၆၇ ခု ရှိတယ်။ ဒါတွေနဲ့ ပတ်သက်တယ်။ နောက်တခုက ဆည်မြောင်း စီမံကိန်းတွေလည်း အများကြီး ရှိတယ်၊ ရေလှောင်တမံ ၂၃၇ ခုကို စစ်ဆေးတဲ့ အစီရင်ခံစာပေါ့။ ဒီစီမံကိန်းတွေက ရည်မှန်းချက် အတိုင်း ရေမပေးဝေ နိုင်တာ အကုန်လုံးပေါ့။ ဘယ်နှစ်ခု ဘဲ ဖြစ်ဖြစ် လုံးဝ ရေမပေးနိုင်ဘူး။ ဘယ်နှခုက ဘယ်ရာခိုင်နှုန်း လောက်ပဲ ရှိတယ် ဆိုတာမျိုးတွေကို  အသေးစိတ် အစီရင်ခံစာ ထွက်လာတဲ့ အပေါ်မှာ ကျနော်တို့ လွှတ်တော် ၂ ရပ်က သုံးသပ်ကြတာပါ။” ဒီ အစီရင်ခံစာ က ကျနော်တို့ မရတော့။ ၀န်ကြီးဌာနတွေက ဘယ်လိုမျိုး သိန်းပေါင်း ထောင်နဲ့ ချီပြီးတော့ လွဲနေတယ် ဆိုပြီး စာရင်းစစ်တဲ့ အဖွဲ့က တွေ့တယ် လို့ ကြားရပါတယ်။ အဲဒီအချက်တွေပါသလား။ “ပါတာတော့ ပါတယ်။ ဒါပေမယ့် အများ ဖြန့်ဝေထားပြီးသား၊ ကျနော်တို့ သိရသလောက် တော့ အမှတ် (၁) စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးနဲ့ စားသောက်ကုန် လုပ်ငန်း၊ အမှတ် (၁) ဂျုံ နဲ့ ဂျုံထွက် ပစ္စည်းစက်ရုံ၊ စစ်ကိုင်းစက်ရုံက မီးထိုးဆီ နောက်တော့ ရသာမွန် ခေါက်ဆွဲခြောက် ထုတ်တယ်၊ တကယ် မထုတ်ပဲနဲ့ ပုဂ္ဂလိကကို ထုတ်ခိုင်းတယ်၊ အဲဒီအပေါ်မှာ ကိုယ်ထုတ်သလို လုပ်တယ်။ မီးထိုးဆီကို သုံးတယ်။ ဒီဟာနဲ့ ပတ်သက်လို့ မီးထိုးဆီ ဂါလံပေါင်း များစွာမှာ သုံးစွဲတဲ့ငွေ တော်တော် များတယ်၊ သန်းပေါင်း ၂၆၀ ကျော် ထင်တယ်။ ပြန်ကြားရေးဌာနမှာ ဆိုလည်း သတင်းစာတွေ ထုတ်တယ်။ နိုင်ငံ အနှံ့မှာ ရှိတဲ့ ကိုယ်စားလှယ်တွေက တဆင့် သတင်းစာတွေကို ဖြန့်ချိတယ်။ သတင်းစာ ကိုယ်စားလှယ်တွေ က ဖြန့်ချိတဲ့ ပိုက်ဆံတွေကို ပြန်ကြားရေး ၀န်ကြီးဌာန ကို ပြန်သွင်းတဲ့ အခါမှာ ဘဏ်ကို သွင်းတယ်။ ဘဏ်က ငွေစာရင်း အဲဒါကို စာရင်းစစ်က စစ်တယ်။ ဘဏ်ရဲ့ စာရင်းနဲ့ ပြန်ကြားရေး ၀န်ကြီးဌာနက စာရင်းနဲ့ ကွာတယ်။ ကွာတာကို သူတို့စစ်တဲ့အခါမှာ ပထမ တခေါက် တွေ့တာက ၂၀၁၀- ၁၁ ကို စစ်တယ် ထင်တယ်။ ၁၅၁ သန်း လောက်ကို ကွာတယ်။  ဘဏ်က ပြတဲ့စာရင်းနဲ့ ဘဏ်မှာ ၀င်တဲ့ ကိန်း ဂဏန်းရှိတာ ကို၊ ပြန်ကြားရေး ၀န်ကြီးဌာနက စာရင်းကို နောက်ကြောင်း ပြန်စစ်တယ်။ ၂၀၀၈ - ၂၀၀၉ ထိ တွေ့တယ်။ ၁ ဒဿမ ၈၂၁ သန်း ဖြစ်တယ်။ ၂၀၀၉ -၂၀၁၀ မှာ ထပ် တွေ့တယ်။ ၆ ဒဿ ၂၃၄ သန်း၊ ဒါပေမယ့် ၂၀၀၈ ရဲ့ ရှေ့ပိုင်းကို မတွေ့ဘူး။ သူတို့ ပြန်စစ်တယ်။ ၂၀၁၀ - ၁၁ မှာ တွေ့ ပြီး၊ ၂၀၁၁- ၁၂ ရဲ့ ဧပြီကနေ ဇူလိုင်လ ထိ ပြန်ကြည့်တဲ့ အခါမှာလည်း ၉ သန်း  ၉သိန်း လောက် ထပ်တွေ့တယ်။ အဲဒါကြောင့် ၂၅၈ ဒဿ ၆၂၆ သန်း ကွာတယ်ပေါ့။ ဒီကိစ္စနဲ့ ပတ်သက်လို့ အရေးယူမှုတွေ ရှိတယ် ။ ပြန်သွင်းမှုတွေ လုပ်တယ်လို့ ကြားတယ်။ ပြန်သွင်းတဲ့ အခါမှာလည်း ၂၀၁၀ - ၁၁ ဘတ်ဂျက်ရဲ့ ၁၅၁သန်း ကိုတော့ သွင်းပြီးပြီပေါ့၊ ကျန်တာကို မသွင်းသေးဘူး ဆိုတာမျိုးတွေ   တွေ့တယ်။ ဒါကတော့ ပြန်ကြားရေး ၀န်ကြီး ဌာနနဲ့ ပတ်သက်တယ်။ နောက် Ivanhoe နဲ့ ပတ်သက်လို့။ သတ္တုတွင်း ၀န်ကြီးဌာနနဲ့ ပတ်သက်လို့ တွေ့တာ ကတော့ မြန်မာ Ivanhoe ဆိုပြီးတော့မှ ရှိတယ်။ သူတို့ရဲ့ အမှတ် (၁) သတ္တုတွင်း လုပ်ငန်းက အမ်အီး(၀မ်း) ခေါ်တာပေါ့၊ သူတို့က မြန်မာ Ivanhoe နဲ့ ပြောင်းပြီးကာ မှ ကြေးစင်တောင်မှာ ကြေးနဲ့ သတ္တု ထုတ်တာပေါ့။ အမ်အီး(၀မ်း)က ရောင်းတယ်။ ဘယ်ကို ရောင်းလဲဆိုတော့ ၅၀ ရာခိုင်နှုန်း အစု ရှယ်ယာ ကို မြန်မာ ဦးပိုင်ကို ရောင်းလိုက်တယ်။ နောက်တခုကိုလည်း ကျန်တာကို  ၅၀ ရာခိုင်နှုန်း ကို ၀မ်ဘိုမိုင်းနင်း ကုမ္ပဏီ တရုတ်ကို ရောင်းတယ်။ ၂၀၁၀ ဒီဇင်ဘာလမှာ ရှယ်ယာကို အလွှဲအပြောင်း လုပ်တယ်။ အလွှဲအပြောင်းလုပ်တဲ့ ကာလ တလလောက် အတွင်းမှာ သတ္တုကို ထုတ်တယ်။ ထုတ်တဲ့ သတ္တုပေါ်မှာ တကယ်တမ်း ထုတ်လုပ်မှု ရှိတယ်။ ရောင်းချမှုတွေ ရှိခဲ့တယ်။ ဒါပေမယ့် အဲဒါကို မထုတ်ဘူး၊ မလုပ်ဘူးဆိုပြီး စာရင်းပြတာပေါ့။ အဲဒီဟာတခုရယ်၊ နောက် ခုနလို Ivanhoe တို့ ဘာတို့ ထွက်သွားတဲ့ အခါကျတော့ ပြန်ပြီးတော့ ပိုက်ဆံ သန်း ၁၀၀ လောက်စီ သွင်းရတာရှိတယ်။ ဥပမာ မြန်မာဦးပိုင် လီမိတက် အစား ၀မ်ဘိုမိုင်းနင်းကပဲ သူတို့ သွင်းရမယ့် အစုရှယ်ယာ ဒေါ်လာသန်း ၁၀၀ ကို သွင်းပေးတယ် ဆိုတာမျိုး တွေ့တယ်။ ဒေါ်လာသန်း ၁၀၀ ကို ၀မ်ဘို ကုမ္ပဏီကနေ ဦးပိုင် လီမိတက်ကို သွင်းပေး ထားတာကို တွေ့ရတယ်။ ဦးပိုင်က သွင်းတာ မတွေ့ဘူး။ အဲဒါမျိုးတွေ့တာပေါ့။ သတ္တုရဲ့ အဲဒီ့ ကာလထိ တန်ဘိုးက ဒေါ်လာ အများကြီးဗျ။ ၃သန်းကျော်တယ် ထင်တယ်။ အဲဒါမျိုးတွေ သတင်းထုတ်ပြန်ထားတာ တွေ့ပါတယ်။ အမေရိကန် ဒေါ်လာ ၃သန်း ၂သိန်း ၆ထောင့် ၆ရာ ၃ဆယ့်ငါး ဒဿမ ၆၅၂ ပါ။ မက်ထရစ်တန်ပေါင်း သူတို့ပြောတာကတော့ ၃၃၈ ဒဿမ ၉၃၂ ပေါ့။ ကြေးနီ သတ္တုစင်နဲ့ သင့် လျော်တဲ့ အမေရိကန်ဒေါ်လာ တန်ဖိုးပေါ့။” ဒီဖြစ်စဉ်တွေ ဖြစ်ပြီးနောက်မှာ မီးရထားဝန်ကြီး ဦးအောင်မင်းက သိန်း ၅၅၀၀ လား ပြည်သူ့ ဘဏ္ဍာငွေထဲကို ပြန်ပြီး ပေးသွင်းတယ် ဆိုတာကို ကြားရတယ်။ ဒါနဲ့ ပတ်သက်ပြီး ပြောပြနိုင်မလား။ “ပြည်သူ့လွှတ်တော်မှာ ထင်တယ်။ ဦးအောင်မင်းကတော့ ပြတ်ပါတယ်။ သူက ဘတ်ဂျက် deficit (လိုငွေ) ဖြစ်နေတာလည်း သိတယ်လေ။ တချို့ သူရ ဦးရွှေမန်းတို့လည်း တင်တာရှိတယ်။ စီမံကိန်း တချို့ဟာ အခု မလိုသေးဘူး ဆိုရင် ဒါကို ရပ်စဲပေးပါ။ နောက်မှ လုပ်ပါလို့ ပြောတယ်လေ။ ဒီကာလမှာ ဘတ်ဂျက် ညီမျှမှုလည်း ရှိအောင်၊ အနီးစပ်ဆုံး ကြိုးစားတဲ့ ကာလလည်း ဖြစ်တယ်ပေါ့။ ဦးအောင်မင်းက မြန်မာ ကျပ် ငွေ သန်း ၁ထောင် ထင်တယ်၊ ပြန် အပ်တယ်။ ဒါက ကျနော့် အထင်ပေါ့။ သန်း ၄၅၀ လောက် က တရုတ်ရဲ့ ချေးငွေနဲ့ လုပ်မယ့် လုပ်ငန်း ဖြစ်တယ်။ ချေးငွေ မယူဘူးဆိုရင် သူ့မှာ ပြန်အပ်စရာ မရှိတော့ဘူးပေါ့။  သန်း ၅၅၀ လောက်က နိုင်ငံအတွက် သုံးမှာ။ ရထားစီမံကိန်း ၃ခုဟာ ၂၀၁၂ - ၁၃ ဘတ်ဂျက်မှာ မလုပ်လို့ ရတယ်။ ပိုတဲ့ သန်း ၅၅၀ကို နိုင်ငံ့ဘဏ္ဍာထဲ ပြန်ထည့်ခြင်း အားဖြင့် ၀န်ထမ်း လစာတိုးတဲ့ထဲ ပြန်ထည့်လို့ ရပါတယ် ဆိုပြီး သူက စပြီး အဆိုပြုခဲ့ပါတယ်။ အဲ့ဒါကတော့ အင်မတန် စိတ်ဝင်စားဖို့ ကောင်းသလို ကျေးဇူးလည်းတင်တယ်။ လေးလည်း လေးစားပါတယ်။” ဘတ်ဂျက် အသုံးစရိတ်ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ထူးထူးဆန်းဆန်း လည်း ကြားနေ ရတယ်။ ပွင့်ပွင့်လင်းလင်း ပြောနေကြတယ်။ သတင်းတွေလည်း ယူလို့ ရနေတယ်။ ဒီလို အနေအထားမျိုးမှာ ဘတ်ဂျက်တွေကို စစ်ဆေးရင်းနဲ့ ဖြစ်ထွန်း တိုးတက်မှုတွေက တဆင့် ပြည်သူ့ ဘဏ္ဍာငွေထဲကို ငွေကြေးတွေ အလုံးအရင်းနဲ့ ဘယ်လောက်ထိအောင် ၀င်လာနိုင်မလဲ။ “ပြည်သူ့ဘဏ္ဍာထဲကို ငွေကြေး အလုံးအရင်းနဲ့ ၀င်ဖို့ဆိုတာကတော့ တချို့ စီမံကိန်းတွေကို ရပ်ရမှာပေါ့။ ခုနက ပြောတဲ့ ၂၃၇ ခုလောက် ရှိတဲ့ ဆည် စီမံကိန်းတွေ ရှိတယ်။ အရင် ခေတ်တုန်းကတည်းက ဒီလို ၀န်ကြီးဌာနတွေ အကြောင်း ဟိုးအရင်တုန်းက ဘာလို့ မဖော်ပြခဲ့လဲ ဆိုတာ စာရင်းစစ်ချုပ်ရုံးကိုလည်း မေးခွန်းထုတ်ကြပါတယ်။ သူတို့ အနေနဲ့ အခုလို ဖော်ပြခွင့် ရလာတာကိုက လူထုအတွက် ကောင်းပါတယ်။ ဆည်မြောင်း ရေလွှဲ တာတမံ ၂၃၇ ခု နဲ့ ပတ်သက်တဲ့ အဖြေထွက်လာပြီး နောက်မှာ မြစ်ရေတင် စီမံကိန်း ၆၇ခုနဲ့ ပတ်သက်တဲ့ သုံးသပ်ချက်တွေ ထွက်လာတဲ့ အခါမှာ ကျနော်တို့ လွှတ်တော် အမတ်တွေကရော ပြည်သူတွေကရော  ဒီ စီမံကိန်းတွေက ဟုတ်မှ ဟုတ်ရဲ့ လား။ ကျနော်တို့ ကြားတာက တလကို ၁၀ လောက် ဖွင့်ကို ဖွင့်ရမယ် ဆိုတဲ့ သဘောနဲ့ လုပ်ခဲ့တဲ့ စီမံကိန်းတွေ ရှိတယ် ပြောတယ်ဗျ။ ဟို တခေတ်က လေ။ စီမံကိန်း ဆိုတာမျိုး က သေသေ ချာချာ တွက်ချက်တာ လည်း မဟုတ်ဘူး။ ဆည်ကြီး တခု ဆောက်လိုက်ရင် သိန်းပေါင်းများစွာ သုံးမယ်။  အကျိုးကျေးဇူးကို လူထု ဘယ်လောက်ပဲ ခံစားရပါစေ၊ ဆည်ကြီး တခု ပြီးသွားရင် အကျိုးကျေးဇူးကို ခံစားရမယ့် ပုဂ္ဂိုလ်တွေလည်း ရှိမှာပေါ့။ ဆည်တော်တော် များများရဲ့ တကယ့် ရည်မှန်းချက်၊ ဆည် ရေသောက် ဧရိယာ ပြည့်ပြည့်၀၀ မပေးနိုင်ခဲ့ဘူးဗျ။ ဒီအပေါ်မှာ လွှတ်တော်အမတ်တွေ၊ တာဝန်ရှိသူတွေက သုံးသပ်တဲ့ အခါမှာ ဒီစီမံကိန်း တွေဟာ သဲထဲ ရေသွန်သလို ဖြစ်နေတယ်။ နိုင်ငံ့ ဘဏ္ဍာကို ဖြုန်းတီးသလို ဖြစ်နေတယ်။ ဒါတွေကိုတော့ သုံးသပ်ဖို့ လိုတယ်။ တကယ်လည်း ရည်မှန်းချက်က ထိရောက်တယ်၊ အကျိုးပြုနိုင်တယ် ဆိုပြီးတော့ ပညာရှင် အဖွဲ့က တွက်ချက်ပြီးတော့ တင်ပြလာခဲ့ရင်တော့ စီမံကိန်း တခုကို ပြီးအောင် လုပ်ရမှာပေါ့ဗျာ။ တချို့ စီမံကိန်းတွေက အခုမှလည်း စတယ်။ သိန်းပေါင်းများစွာ ကုန်မယ်။ ဒီစီမံကိန်းမျိုးက ရည်မှန်းချက်လည်း မအောင်မြင်နိုင်ဘူး။ မပေါက်ရောက်နိုင်ဘူးလို့ ပညာရှင်က သုံးသပ်ရင် အစထဲက မလုပ်သင့်ဘူးပေါ့လေ။ အခု ၂၀၁၂-၁၃ ဘတ်ဂျက်မှာ ဒီ ၂၃၇ခုထဲမှာ ပါတဲ့ ဆည်တချို့ကို ထပ်တောင်း ထားတာလည်း ရှိတယ်။ ဆက်လုပ်မှ အကျိုး ရှိမယ် ပေါ့လေ။ ဒါတွေကိုလည်း တိုင်းပြည်ရဲ့ ဘတ်ဂျက်အရ ပြန်သုံးဖို့ မသင့်ဘူးပေါ့လေ။ ရပ်ဆိုင်းသင့်တယ်ဆိုရင်။ မြန်မာ့ စက်မှုဖွံ့ဖြိုးရေး ၀န်ကြီးဌာန ဆိုရင်လည်း စီမံကိန်း အကြီးကြီး လုပ်မှာဗျ။ ဘီလီယံပေါင်း ၃၇၀ ကျော်တင်တယ်။ ဒါမျိုးကို မလုပ်သေးနဲ့။ ကာလတခုထိ ရွှေ့ဆိုင်းထားပါ၊ နောက် ၄၊ ၅၊ ၁၀ နှစ်လောက်ထိ ရွှေ့ထားမယ် ဆိုရင် ဒီပိုက်ဆံက ပိုလာမှာ။ ပိုလာတဲ့ ပိုက်ဆံကို မသုံးဘူးဆိုရင် နိုင်ငံတော်ရဲ့ ဘတ်ဂျက်က လည်း လိုငွေမပြတော့ဘူးပေါ့။ ဘတ်ဂျက် ညီမျှမှု ရှိအောင် ကြိုးစားတဲ့သဘောဖြစ်မှာပေါ့။၊ ပိုတဲ့ ပိုက်ဆံတွေကို ၀န်ထမ်းလစာ တိုးပေးမယ်။ ၀န်ထမ်းဦးရေ ဖောင်းပွမှု၊ ၀န်ကြီးဌာနတွေရဲ့ လိုအပ်မှု။ ဒါတွေကို ပြန်သုံးသပ်ရင် ၀န်ထမ်း အဖွဲ့အစည်းလည်း ကျစ်လစ်လာမယ်။ ကျနော်တို့ သွားချင်တဲ့ လမ်းကြောင်းကိုလည်း ပိုရောက်မယ်။ ပုဂ္ဂလိကပိုင်းကိုလည်း ပိုအားပေးသလို ဖြစ်သွားမယ်။  State Own နိုင်ငံပိုင်လုပ်ငန်းတွေ စီမံကိန်းတွေ ကို လျှော့နိုင် တယ် ဆိုရင် ငွေကြေးကတော့ ပိုလာမှာပေါ့ဗျာ။ ဒီနှစ်က စပိုရင် နောက်နှစ်တွေ လည်း ဆက်တိုက် ပိုလာမှာပေါ့။ အဓိက ကတော့ နိုင်ငံတော်ပိုင် ကဏ္ဍကို ငွေလုံးငွေရင်း ရင်းနှီးမြုပ်နှံမှုကို လျော့ပေါ့လိုပြီ ဆိုတာကို အသိပေးချင်တာလေ။ ဦးအောင်မင်း ပြောတဲ့ ရထားလမ်းကတော့ ဒေသဖွံ့ဖြိုးရေးအတွက် အရေးကြီးပါတယ်။ ဒါပေမယ့်လို့ မလုပ်သင့်သေးဘူးလို့ ဆိုလာရင် ရွှေ့ဆိုင်းရမှာပေါ့။ ကာလ တခုမှာတော့ လုပ်ပေးသင့်ရင် လုပ်ပေးရမှာပေါ့။” သမ္မတက ဆိုင်းငံ့ထားတဲ့ ကချင်ဘက်က ရေကာတာတွေ ကိစ္စက ပြန်ဆောက်ဖို့ တရုတ်ဘက်က ပြောတာနဲ့ ပတ်သက်ပြီးတော့ ပြန်လုပ်ဖို့ရှိလား။ ဘယ်လို မျိုးကြားရလဲ အမျိုးမျိုးကြားနေရတယ်၊ အပြင်မှာတော့ သိပ်မကြိုက်ကြဘူးလို့ သဘာဝပတ်ဝန်းကျင် ပညာရှင်တွေက ပြောနေကြတယ်။ “မြစ်ဆုံကတော့ သမ္မတကြီးက ကြေညာပြီးပြီလေ။ သူ့ကာလမှာ မလုပ်ဘူး ဆိုပြီး၊ နောက် တက်လာမယ့် ပုဂ္ဂိုလ်ကလည်း နောက် ကာလမှာ ဘယ်လုပ်မလည်း၊ လူထုက ရွေးတဲ့ပုဂ္ဂိုလ်က တက်မှာကို။ တရုတ်က ဘယ်လောက်ပဲ လိုချင်လိုချင် နိုင်ငံတခုရဲ့ အချုပ်အချာ အာဏာက နိုင်ငံမှာ ရှိတဲ့ ပြည်သူလူထုကပဲ ဆုံးဖြတ်ရမှာ ပဲလေ။ ပြည်သူ လူထု ဆန္ဒကို ဆန့်ကျင်ပြီးကာမှ လုပ်တဲ့ အစိုးရတိုင်းက သိပ်ကြာကြာ မခံဘူး။ အဲဒီတော့ လူထုရဲ့ သဘောထား၊ လူထုရဲ့ဆန္ဒ အမြင်ကို လေးစားတဲ့ အစိုးရသာလျှင် တိုင်းပြည်ကို အုပ်ချုပ်ရမှာပေါ့။ အဲဒီ လိုမျိုးဖြစ်တဲ့ အစိုးရမျိုး ကိုလည်း တရုတ်က လည်း လေးစား ရမယ်လေ။ သူတို့ခိုင်းတာလုပ်တဲ့ အစိုးရမျိုးဆိုရင် ဘယ်ကောင်းမလဲ။ အဲဒီတော့ သူတို့ဘက်ကလည်း ချင့်ချိန်ဖို့ လိုတာပေါ့။ ဒီစီမံကိန်းကို အတင်းအကျပ် သဘောနဲ့ လုပ်သင့်တဲ့ ကာလ သတ်မှတ်တဲ့ ကာလမှာ အတင်းလုပ်ခဲ့ကြပြီ။ မလုပ်သင့်ဘူး ရပ်ဆိုင်းသင့် တယ်လို့ ကျနော်တို့ အစိုးရက ဆုံးဖြတ်တဲ့ ကာလမှာ သူတို့ ဒီကိစ္စရဲ့ အကျိုးဆက်ကို နားလည်ပေးဖို့ လိုမယ်လေ။ နှစ်နိုင်ငံ စာချုပ်ကတော့ ရှိမှာပေါ့။ စာချုပ်ရှိပေမယ့် အိမ်နီးနားချင်း နိုင်ငံ နှစ်ပေါင်းများစွာ အတူနေလာခဲ့တဲ့ လက်တွဲလုပ်လာတဲ့ နိုင်ငံဆိုတာကျတော့ သူ့ဘက်က လူထုရဲ့ သဘောထားကို အလေးအနက်ထားတဲ့ အစိုးရ၊ တရုတ်ပြည်သူ့ သမ္မတ အစိုးရဖြစ်မှပဲ ကျနော်တို့ လူထုနဲ့ နီးစပ်မှာပေါ့။ ကျနော်တို့ တိုင်းပြည်မှာလည်း တရုတ် လူထုက အများကြီးပဲ။ သူတို့နိုင်ငံမှာလည်း ကျနော်တို့နဲ့ တူတဲ့ တိုင်းရင်းသားတွေ ရှိမှာပေါ့။ ဒါကြီးက သမိုင်းမှာ သီးသန့် တနေရာ ယူနေလို့ မှမရတာ။ လေးစားရမှာပေါ့။ ကျနော်တို့ကလည်း လေးစားဖို့လိုတယ်။ စာချုပ်ကို။ ဒါပေမယ့်လို့ ကျနော်တို့ရဲ့ တိုင်းရေးပြည်ရေး အခြေအနေကို လူထုရဲ့ သဘောထားကိုလည်း သူတို့က သဘောပေါက်ရမယ်။ သူတို့ဘက်က လျှော့ရမှာ၊ ဒီ ပရောဂျက်တခုထဲ မဟုတ်ဘူး။ ဒါကြီးကို ကိုင်လို့ရှိရင် ကျနော်တို့ဆီက ရေနံပိုက်လိုင်းက မဟာစီမံကိန်းကြီး။ သူတို့ရဲ့ စွမ်းအင်လုံခြုံရေး စီမံကိန်း။ အိန္ဒိယ သမုဒ္ဒယာကို ဖွင့်တဲ့၊ သူတို့ပြောတဲ့ two ocean လား။ အဲဒီဟာတွေနဲ့ ပတ်သက်ပြီးလည်း သူတို့ လူထုနဲ့ ပြဿနာ ထပ်ဖြစ်မှာ။ အဲဒီတော့ သူတို့ရဲ့ ရေနံပိုက်လိုင်းက ဘယ် တည်ငြိမ်တော့ မလဲ။ တခုတော့ သူ စွန့်ရမယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024