ရခိုင်မြောက်ပိုင်းတွင် မြို့ပေါ်ဆေးရုံများသာ လည်ပတ်နေ
DVB
·
August 27, 2017
ရခိုင်ပြည် မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့တွေရှိ နယ်က စုရပ်တွေမှာ ခိုလှုံနေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို လုံခြုံဘေးကင်းတဲ့နေရာကို ကယ်ထုတ်ချင်တယ်လို့ ပြည်နယ် ကုသရေး ဆရာဝန်ကြီး ဒေါက်တာရွှေသိန်းက ပြောပါတယ်။
တိုက်ခိုက်တာတွေဖြစ်နေတာကြောင့် မြို့ပေါ်က ဆေးရုံတွေပဲ ပုံမှန်လည်ပတ်နေရတယ်လို့ သူက ဆိုပါတယ်။
“နယ်တွေမှာရှိတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကတော့ စုရပ်တွေမှာ သွားနေကြတာလေ။ မြို့နဲ့ နီးတဲ့ သူတွေကတော့ မြို့ပေါ်ကို ပြန်လာကြတာပေါ့။ နယ်တွေက ဝန်ထမ်းတွေကို လုံခြုံတဲ့ နေရာကို ကယ်ထုတ်ချင်တယ်” လို့ သူက ပြောပါတယ်။
လက်ရှိ ဆေးရုံ ၃ ခုမှာ လူနာပေါင်း ၅၀ လောက် တက်ရောက်ကုသနေပြီး လုံခြုံရေးတွေ ထားပေးစေချင်တယ်လို့လည်း သူက ပြောပါတယ်။
“ဆေးရုံတွေမှာ လုံခြုံရေး ထားပေးစေချင်တယ်။ ရသေ့တောင်ကတော့ လုံခြုံရေး မဆိုးဘူး။ မောင်တောနဲ့ ဘူးသီးတောင်မှာတော့ ထားပေးစေချင်တယ်” လို့ ဒေါက်တာ ရွှေသိန်းက ဆက်ပြောပါတယ်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတင်မောင်ဆွေက “လမ်းကြောင်းတွေက မိုင်းတွေ ထောင်ထားတာ ရှိတယ်လေ။ လောလောဆယ် သုံးလို့ မလွယ်သေးဘူး။ မိုင်းတွေရှင်းပြီးမှပဲ ပြောင်းရွှေ့ဖို့ အစီအစဉ်ကို ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ လေကြောင်းနဲ့ကလည်း အားလုံးကို ခေါ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ” လို့ ပြောပါတယ်။
လုံခြုံဘေးကင်းတဲ့ စုရပ်တွေမှာ ပြောင်းရွှေ့နေတဲ့ ဝန်ထမ်းစာရင်းတွေ အားလုံးရထားပြီး တာဝန်ရှိသူတွေအနေနဲ့ စီမံဆောင်ရွက်ပေးနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်း တရိန်း ကျေးရွာက ဒေသခံ ၇၀ ဝန်းကျင်ဟာ တရိန်းကျေးရွာရဲ့ မြောက်ဘက် ၁ မိုင် အကွာ တောင်ကုန်းပေါ်မှာ ပိတ်မိနေတယ်လို့ အဲ့ဒီရွာက တာဝန်ကျနေတဲ့ မှုလတန်းပြကျောင်းဆရာ ဦးအေးထွန်းက ဒီဗွီဘီကိုပြောပါတယ်။
ဘူးသီးတောင်မြို့မှ အစိုးရ ဝန်ထမ်းတွေ၊ ကျောင်းဆရာ ဆရာမတွေနဲ့ ပြည်သူ ၅၀၀ လောက် စစ်တွေမြို့ကို သြဂုတ်လ ၂၆ ရက် မနက်ပိုင်း က တိမ်းရှောင်ထွက်ခွာသွားကြပါတယ်။