မောင်တောမြို့တွင် ဟိန္ဒူဘာဝင်မိသားစု ၆ ဦးကို အကြမ်းဖက်သမား သတ်ဖြတ်
DVB
·
August 27, 2017

မောင်တောမြို့က ဟိန္ဒူဘာသာဝင် မိသားစု ၆ ဦးကို ဘင်္ဂါလီအကြမ်းဖက်သမားတွေက သတ်ဖြတ်ခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်ပါတယ်။
သြဂုတ် ၂၆ ရက် ည ၁၁ နာရီမှာ မောင်တောမြို့နယ် မြင်းလွတ်မြို့မှာ ယာယီလုပ်ငန်းနဲ့ ရောက်ရှိနေတဲ့ မောင်တောမြို့ (၄) ရပ်ကွက်နေ ဟိန္ဒူဘာသာဝင် မိသားစု ၁၂ ဦးဟာ မြင်းလွတ်မြို့မှ မောင်တောမြို့ကို ပြန်လာစဉ် မြို့သူကြီး ကျေးရွာအနီး ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့အတွက် ဆောက်လုပ်ဆဲ ခရိုင်တရားရုံးပေါ် တက်ပြေး ပုန်းရှောင်ခဲ့ပါတယ်။
ပုန်းရှောင်စဉ် ကြိုတင်ရောက်ရှိနေတဲ့ အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားတွေက သေနတ်နဲ့ ပစ်ခတ်တဲ့အတွက် ဟိန္ဒူဘာသာဝင် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦးနဲ့ ကလေး ၃ ဦးတို့မှာ အခင်ဖြစ်နေရာမှာ သေဆုံးခဲ့ပြီး အခြား အမျိုးသမီး ၂ ဦးမှာ ပစ်ခတ်မှုကြောင့် ဒဏ်ရာ ပြင်းထန်စွာ ရှိခဲ့ပါတယ်။ ကလေးငယ် ၄ ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ၄ မိုင် အထက်တန်းကျောင်း စုရပ်ကို ပြန်လည် ရောက်ရှိခဲ့ပါတယ်။
သေဆုံးသွားသူတွေကို မောင်တောဆေးရုံ ပို့ဆောင်ပေးခဲ့ပြီး လေးမိုင်စခန်းမှာ ရောက်ရှိနေတဲ့ ဟိန္ဒူ ဘာသာဝင် ၆ ဦးဟာ ဒီနေ့ မနက် ၆ နာရီမှာ ဆွေမျိုးတွေရှိရာ ဘူးသီးတောင်မြို့တွေ ထွက်ခွာသွားခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။