Home
မြန်မာသတင်း
အကြမ်ဖက်သမား ၈၀၀ ခန့် တပ်မတော်စစ်ကြောင်းကို တိုက်ခိုက်၊ စစ်သည် ၁ ဦးပျောက်ဆုံး
DVB
·
August 27, 2017
မောင်တောမြို့နယ်မှာ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေတဲ့ တပ်မတော်စစ်ကြောင်းကို ဘင်္ဂါလီအကြမ်းဖက်သမား အင်အား ၈၀၀ လောက်က သြဂုတ် ၂၆ ရက်နေ့မှာ ၀ိုင်းဝန်းတိုက်ခိုက်ခဲ့တဲ့အတွက် စစ်သား ၁ ဦး ပျောက်ဆုံးနေပြီး လက်နက်ငယ် ၁ လက်နဲ့ ခဲယမ်းဆက်စပ်ပစ္စည်းတွေ ဆုံးရှုံးခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ နွားရုံတောင်နဲ့ သီဟိုဠ်ကျွန်းကားလမ်းပေါ်မှာ အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားတွေက မိုင်းထောင်နေတဲ့ သတင်းအရ တပ်မတော်စစ်ကြောင်းက သွားရောက်ရှင်းလင်းစဉ် သြဂုတ် ၂၆ ရက် မနက် ၉ နာရီမှာ သီဟိုဠ်ကျွန်းတောင်ဘက် မီတာ ၁၀၀ လောက် အရောက်မှာ ဘင်္ဂါလီ ၁၅ ဦးခန့်က မိုင်းထောင်နေတာကို တွေ့ရှိရတဲ့အတွက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကားလမ်းရဲ့ အရှေ့ဘက်ကို ဆုတ်ခွာသွားခဲ့ပါတယ်။ ဆုတ်ခွာသွားသူတွေကို တပ်မတော်စစ်ကြောင်းက လိုက်လံရှင်းလင်းရာ သီဟိုဠ်ကျွန်းဈေးအနောက်ဘက်မှ လက်နက်ငယ်တွေနဲ့ ပတ်ခတ်ပြီး ရှော့တိုက်မိုင်း ၅ လုံးနဲ့ ပိတ်ဆို့ဟန့်တားတာတွေ ပြုလုပ်ခဲ့တဲ့အတွက် ပြန်လည်ပစ်ခတ်နေစဉ် ကားလမ်းရဲ့ ၀ဲဘက်နဲ့ ယာဘက်တို့မှ အကြမ်းဖက်သမားအင်အား ၈၀၀ လောက်က လက်နက်ငယ်တွေ၊ တုတ်၊ ဓား၊ လှံ၊ မှိန်းတွေ ကိုင်ဆောင်ပြီး တပ်မတော်စစ်ကြောင်းကို ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။ တပ်မတော်စစ်ကြောင်းမှ အကြမ်းဖက်သမားတွေကို ရင်ဆိုင်ထိန်းချုပ်ထားခဲ့ရပြီး တပ်မတော် စစ်ကူစစ်ကြောင်းက လာရောက်ပူးပေါင်းခဲ့တယ်လို့ ဆိုပါတယ်။ ဒီနောက် ကျေးရွာရဲ့ မြောက်ဘက်မှ အစွန်းရောက် အကြမ်းဖက်သမားတွေက ဆွဲမိုင်းဖောက်ခွဲပြီး လက်နက်ငယ်တွေနဲ့ ၀ိုင်းဝန်းတိုက်ခိုက်ခဲ့တဲ့ အတွက် တပ်မတော်စစ်ကြောင်းက ပြန်လည်ပစ်ခတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်မှာ အကြမ်းဖက်သမားတွေက ပတ်ဝန်းကျင်ကျေးရွာတွေကို ဆုတ်ခွာထွက်ပြေးသွားခဲ့ပါတယ်။ အဆိုပါနေရာနဲ့ အနီးပတ်ဝန်းကျင်တ၀ိုက်ကို တပ်မတော်စစ်ကြောင်းတွေ နယ်မြေရှင်းလင်း ဆက်လက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024