အမေရိကန်ရဲ့ ခြိမ်းခြောက်မှုတွေကို ဆက်လက်တိုက်ခိုက်သွားဖို့ မြောက်ကိုရီးယားက အီရန်ကို တိုက်တွန်းပြောကြားသွားပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဘာလီမှာပြုလုပ်တဲ့ နိုင်ငံတကာ ရေကြောင်းလုံခြုံရေး ညီလာခံကို တက်ရောက်လာတဲ့ မြောက်ကိုရီးယား ဒု-တပ်မှူး ရီဆူဂျောင်နဲ့ အီရန်တပ်မှူး ဟာဘီဘိုလာဆေယာရီတို့ သြဂုတ် ၂၅ ရက်က သီးခြားတွေ့ဆုံခဲ့ချိန်မှာ မြောက်ကိုရီးယားက တိုက်တွန်းသွားတာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေကို ရပ်တန့်ဖို့ ကုလသမဂ္ဂက ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထားပါတယ်။
အခုအခါမှာ ကုလရဲ့ ပိတ်ဆို့အရေးယူမှုကို ချိုးဖောက်ပြီး မြောက်ကိုရီးယားနဲ့ စီးပွားရေးလုပ်နေတဲ့ ကုမ္ပဏီတွေကို အမေရိကန်က တင်းတင်းကျပ်ကျပ် ကိုင်တွယ်နေတာ တွေ့ရပါတယ်။
အမေရိကန်ဟာ အီရန်ရဲ့ နျူကလီးယားအစီအစဉ် ရပ်တန့်သွားအောင် တင်းတင်းကျပ်ကျပ် ကိုင်တွယ်ခဲ့ရာမှာ အီရန်ရဲ့ ကုန်သွယ်ရေးကို အထောက်အပံ့ပေးနေတဲ့ ဥရောပဘဏ်တွေကို အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံထိ ဒဏ်ငွေတပ်ခဲ့ပါတယ်။
အမေရိကန်ရဲ့ အီရန်အပေါ် ကိုယ်တွယ်ခဲ့တဲ့ အစီအမံတွေကြောင့် အီရန်ဟာ နောက်ဆုံးမှာ အမေရိကန်နဲ့ သဘောတူညီချက် ရခဲ့ပါတယ်။