DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲနှင့် စစ်သားစုဆောင်းမှုကြောင့် ပလောင်ဒေသခံ အခက်တွေ့
DVB
·
March 14, 2012
Donate to DVB

ရှမ်းပြည်မြောက်ပိုင်းက ပလောင်တိုင်းရင်းသား အများစု နေထိုင်ရာ ဒေသတွေမှာ အစိုးရတပ်နဲ့တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ကြား တိုက်ပွဲတွေ ဖြစ်ပွားပြီး ဒေသခံတွေ စစ်သား စုဆောင်း ခံနေရတယ်လို့ ထိုင်းနယ်စပ် အခြေစိုက် တအာန်း ကျောင်းသားနှင့် လူငယ်အစည်းအရုံးက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ် နမ့်ဟိုင်း၊ ပိန်လုန်၊ မန်နောက်နဲ့ ပန်ဆွေရွာ အနီးမှာ အစိုးရတပ်နဲ့ ကေအိုင်အေ၊ အက်စ်အက်စ်အေ စတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေအကြား ပြီးခဲ့တဲ့ မတ် ၁၁၊ ၁၂ ရက်တွေမှာ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲကြောင့် တအာန်းလူမျိုးတွေရဲ့ လက်ဖက်လုပ်ငန်းတွေ ထိခိုက်ရသလို တပ်သား စုဆောင်းမှုကြောင့်လည်း လုပ်ငန်း ထိခိုက်ရတယ်လို့ အဆိုပါ တအာန်းပလောင် အစည်းအရုံး က အထွေထွေ အတွင်းရေးမှူး မိုင်ခေးဒဲန်းက ခုလို ပြောပါတယ်။

“သင်္ကြန်မတိုင်ခင် ရွှေဖီအချိန်မှာမှ ကျနော်တို့ လက်ဖက် မခူးရဘူးဆိုရင် အခက်အခဲ တော်တော်ကြုံရတယ်။ ပြီးခဲ့တဲ့ နှစ်မှာလည်း ရှမ်းပြည် တပ်မတော်နဲ့ အစိုးရတပ် အကြား တိုက်ပွဲဖြစ်တဲ့ အတွက်ကြောင့် လက်ဖက် မခူးရဘဲနဲ့ လက်ဖက်ပြတ် ခဲ့တာတွေ ရှိတယ်။ ဒီနှစ်မှာလည်း ဒီလို ဖြစ်တဲ့ အခါကျတော့ စစ်သားလိုက် စုဆောင်းနေ တဲ့အတွက် လက်ဖက်ခူးမယ့် လူ မရှိတော့ဘူး။ တခြား ဒေသကလည်း လာပြီးတော့ လက်ဖက် လာမခူးတဲ့ အခါကျတော့ လက်ဖက်တွေက ရင့်ရော်ပြီးတော့ ပျက်ဆီးသွား တာတွေ ရှိတာပေါ့နော်။”

နမ့်ဆန်မြို့နယ် ကျေးရွာပေါင်း ၅ ရွာလောက်မှာ ဒီနှစ် ဖေဖော်ဝါရီ တတိယပတ်ကနေ ခုချိန်ထိ ရှမ်းပြည် တပ်မတော် တောင်ပိုင်းက အတင်းအကျပ် တပ်သား စုဆောင်းသွားတဲ့ ရွာသားပေါင်း ၃၀၀ ကျော် ရှိတယ်လို့ မိုင်ခေးဒဲန်းက ပြောပြပါတယ်။

ရှမ်းပြည်တပ်မတော်က စစ်သား စုဆောင်းနေတယ် ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရှမ်းပြည် တပ်မတော် တောင်ပိုင်း၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီကို မေးမြန်းကြည့်ရာမှာ စစ်ဆေးနေဆဲ ဖြစ်ပြီး အမိန့်မရဘဲ စစ်သားကောက်ရင် အရေးယူမယ်လို့ ပြောခွင့်ရ ဗိုလ်မှူးစိုင်းလောဝ်ဆိုင်က ပြောပါတယ်။

“အဲဒီ ဒေသဘက်မှာ ကျနော်တို့ ပြောက်ကျားတွေတော့ ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့နဲ့ အတူ မြောက်ပိုင်း တပ်တွေလည်း ရှိတယ်ဆိုတော့ ဘယ်အဖွဲ့က စုဆောင်းမှန်း ကို သေချာသိအောင် အချိန်ယူပြီးတော့ စစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်။ ကျနော်တို့ဆီကို ဗဟိုက တိုက်ရိုက် ညွှန်ကြားချက် မရှိသေးပါဘူး။ အဲဒီဘက်ကနေ ဒီ ပြဿနာ တက်လာတယ် ဆိုရင်တော့ သေချာစစ်ဆေးမှ သိရမှာပါ။ ကျနော်တို့ လက်အောက်ခံ တပ်တွေကို ကျနော်တို့ ချမှတ်ထားတဲ့ မူအတိုင်း စည်းကမ်းအတိုင်း မသွားဘူးဆိုရင် ကျနော်တို့ အရေးယူရမှာပေါ့။”

ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့ဟာ အစိုးရနဲ့ အပစ်အခတ် ရပ်ပြီး နောက်ပိုင်း စစ်သားသစ် စုဆောင်းမှု မရှိ၊ အခွန်ဆက်ကြေး လျှော့ကောက်မယ် လို့ ကြေညာခဲ့ ပါတယ်။ တောင်ကြီး၊ ကျိုင်းတုံ၊ တာချီလိတ်၊ ခိုလံ၊ မိုင်းဆတ် စတဲ့ မြို့တွေမှာ ဆက်ဆံရေး ရုံးတွေ ဖွင့်လှစ်ထားပြီး ဖြစ်တဲ့အတွက် ရှမ်းပြည်တပ်မတော်နဲ့ ပတ်သက်တဲ့ သတင်းတွေ ထွက်ပေါ်လာရင် ဆက်သွယ် မေးမြန်းနိုင်တယ်လို့  ဗိုလ်မှူးစိုင်းလောဝ်ဆိုင်က ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013