လုံထိန်းတပ်ဖွဲ့ ဖျက်ပစ်ဖို့ လွှတ်တော်မှာ အဆိုတင်
ရွှေအောင်
·
March 14, 2012

အဓိကရုဏ်းနှိမ်းနင်းရေးတွေမှာ အစိုးရက အသုံးပြုလေ့ရှိတဲ့ လုံထိန်းရဲတပ်ဖွဲ့တွေ အပါအဝင် ခေတ်စနစ်နဲ့ မညီတော့တဲ့ အဖွဲ့တချို့နဲ့ ဝန်ကြီးဌာနအချို့ ဖျက်သိမ်းဖို့ အဆိုတရပ်ကို ကျင်းပနေတဲ့ အမျိုးသားလွှတ်တော်မှာ မတ် ၁၂ ရက်က တင်သွင်းခဲ့ပါတယ်။
ဝန်ထမ်းအဖွဲ့အစည်းတချို့ ဖျက်သိမ်းဖို့၊ ချုံ့ဖို့၊ ချဲ့ဖို့နဲ့ အသစ်ဖွဲ့ဖို့ လိုရင်လည်း ထပ်ဖွဲ့ဖို့ စတဲ့ အဆို တရပ်ကို ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ် အမှတ်(၁)က ဒေါက်တာအေးမောင်က တင်သွင်းခဲ့တာပါ။
ဒေါက်တာအေးမောင်က “ ဥပမာ-ရဲတပ်ဖွဲ့ဆိုရင်လည်း လုံထိန်းတွေက ဒီလောက်ထိ တပ်ရင်းတွေ ရှိစရာ မလိုဘူး၊ ဆန္ဒပြတာကို ထိန်းချုပ်ဖို့အတွက် ဖွဲ့ထားခဲ့တယ်ဆိုရင် ဒီရည်မှန်းချက်က ဒီနေ့ချိန်မှာ မလို အပ်တော့ဘူး။ ဥပမာ - ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးရဲ့ အထက်မြန်မာပြည်၊ အောက်မြန်မာပြည် ၂ ခုရှိတယ်။ ဗဟိုဝန်ထမ်းတက္ကသိုလ်၊ ဝန်ထမ်းအစ ဝန်ထမ်းတွေရဲ့ အရာရှိ ၅ လ သင်တန်းပေးရမယ့် ရုံးဝန်ထမ်းတွေကိုပဲ၊ ဒါပေမယ့် ကျောင်းဆရာ၊ ဆရာမတွေ၊ တခြားဝန်ထမ်း အကြီးတွေကို ခုနလို အထူးမွမ်းမံသင်တန်းလို ပေး ပေးနေတဲ့ နိုင်ငံတော်ရဲ့ ပိုက်ဆံ စရိတ်တွေက တော်တော်ကုန်ပါတယ်။ ဒါတွေက ခုနပြောသလို မပေးသင့်တော့ဘူး။ သူ့ရဲ့ကျွမ်းကျင်မှုအတွက် သူ့ရဲ့ဝန်ကြီးဌာနအောက်မှာ ပေးရင် ရတဲ့ သင်တန်းမျိုးကို အခုလို အချိန်ကုန်ခံပြီး ပေးတာမျိုးဟာ ဒီနေ့ အချိန်ကာလဟာ ဆိုရှယ်လစ်ခေတ် မဟုတ်တော့ဘူး။ နအဖ၊ နဝတခေတ် မဟုတ်တော့ဘူး။ ကျနော်တို့သွားတဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လိုအပ်ရဲ့လားဆိုတာ အစိုးရအဖွဲ့သိမှာပါ။ ဒီသဘောပါပဲ။”
ခေတ်နဲ့အညီ ချုံ့ဖို့၊ ချဲ့ဖို့ တင်ပြခဲ့တဲ့ ဝန်ကြီးဌာနတွေထဲမှာ ပြန်ကြားရေး၊ စိုက်ပျိုးရေးနဲ့ သမဝါယမစတဲ့ ဌာနတွေပါရှိပါတယ်။ အခုတင်သွင်းတဲ့ အဆိုဟာလွှတ်တော်ထဲမှာ အောင်မြင်နိုင် မလားဆိုတဲ့အမေးကိုတော့ ဒေါက်တာအေးမောင်ကခုလိုဖြေကြားသွားပါတယ်။
“ခေတ်ကို ပြုပြင်ချင်တယ်။ စနစ်အမှန် တခုကို သွားချင်တဲ့အခါမှာ အဆိုတခု တင်တယ်။ တချို့ အရိုးစွဲနေတဲ့ ပုဂ္ဂိုလ်တွေက အဲ့လိုသွားမယ့် လမ်းကြောင်းကို ပိတ်ဆို့တာရှိတယ်။ အဲဒီတော့ ကျနော်တို့ ပိတ်ဆို့ခြင်း၊ ဖွင့်ပေးခြင်းဆိုတာ အဆိုတခုရဲ့ အောင်ခြင်း၊ မအောင်ခြင်းပေါ်မှာ မူတည်ပါတယ်။ အဲဒီတော့ လွှတ်တော်မှာရှိတဲ့ ဒီပုဂ္ဂိုလ်တွေရဲ့ သဘောထားတွေ၊ သူတို့သွားချင်တဲ့ လမ်းကြောင်းက ရှေ့ကိုသွားလား ဒါမှမဟုတ် နောက်ကို ဆုတ်နေသလားဆိုတာ လူထုကလည်း သိအောင် အစိုးရကိုယ်တိုင်သိအောင် ကျနော်တို့က အဆိုတွေကို တင်ရခြင်းဖြစ်တယ်။ အဲဒါကြောင့် အောင်ခြင်း၊ မအောင်ခြင်းထက် လွှတ်တော်ရဲ့ ပုံသဏ္ဍန်ကို လူထုသိအောင် အဓိကရည်ရွယ်ပါတယ်။”
ဒေါက်တာအေးမောင်ဟာ အမျိုးသားလွှတ်တော်ရဲ့ နိုင်ငံသားများရဲ့ မူလအခွင့်အရေး၊ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အလုပ် မဖြစ်တဲ့ စီမံကိန်းတွေ ရပ်ဆိုင်းထားဖို့ ပြီးခဲ့တဲ့လက ပြောကြားခဲ့ပါသေးတယ်။
ဒေါက်တာအေးမောင်ရဲ့ အဆိုကို မတ်လ ၁၄ ရက်နေ့မှာ လွှတ်တော်တွင်း ဆွေးနွေးခဲ့ကြပြီး၊ လွှတ်တော်တွင် မှတ်တမ်းတင်ထားရန်သာ ဆုံးဖြတ်ခဲ့ပါတယ်။