DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် လုံခြုံရေးကြောင့် မဲရုံတချို့ဖျက်သိမ်း
DVB
·
March 14, 2012
ဖားကန့်တွင် လုံခြုံရေးကြောင့် မဲရုံတချို့ဖျက်သိမ်း
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်​​မြို့နယ်က မဲရုံတချို့ကို လုံခြုံရေး အကြောင်းပြချက်နဲ့ ဖျက်သိမ်း ထားတယ်လို့ အဲဒီနေရာမှာ ၀င်အရွေးခံမယ့် လွှတ်တော် ကိုယ်စားလှယ်လောင်း တဦးက ပြောကြားလိုက်ပါတယ်။

[caption id="attachment_22565" align="alignleft" width="300" caption="​ဒေါ်ဘောက်ဂျာ"][/caption]

ဖားကန့်မြို့နယ်မှာ လုံခြုံရေး အကြောင်းပြချက်ကြောင့် ရွာ ၁၀ ခု လောက်မှာ မဲရုံတွေကို ပိတ်ပစ်လိုက်ဖို့​ ​ပြည်နယ်​ကော်မရှင်က ပြီးခဲ့တဲ့ရက်ပိုင်းက အကြောင်းကြားခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ကိုယ်စားပြု ကိုယ်စားလှယ်လောင်း​ ​ဒေါ်ဘောက်ဂျာက ပြောပါတယ်။

ဖားကန့်မြို့နယ် အတွင်းက စိန်ကုလားကုန်း၊ ခေါစိန်၊ လော့တာ၊ ကမှော်စု၊ ကထရံ၊ လုံးခင်းက တချို့နေရာ၊ ၅ မိုင်၊ ၆ မိုင်၊ ၇မိုင်နဲ့ နန့်ယမ်းရွာတွေက မဲရုံတွေကို ပိတ်ပစ်လိုက်တာ ဖြစ်ပြီး ရွာသားတွေ မဲပေးခွင့် ဆုံးရှုံးမှာ တယ်လို့ ဒေါ်ဘောက်ဂျာက ပြောပါတယ်။

ပြည်နယ်ကော်မရှင်က လုံခြုံရေး အကြောင်းပြပြီး မဲရုံတွေ ပိတ်တာနဲ့ ပတ်သက်လို့ ကြောင်းကျိုး ဆီလျော်မှု မရှိဘဲ အဲဒိ နေရာတွေဟာ လုံခြုံရေး အခြေအနေကောင်းတယ်လို့ ဒေါ်ဘောက်ဂျာက ပြောပါတယ်။

“ဘာမှလည်း မရှိပါဘူး။ သူတို့က တမင်ပြောတဲ့ ပုံစံမျိုး ပေါက်တယ်။”

ရွာ ၃ ၊ ၄ ရွာလောက်ကို မဲရုံတရုံ လုပ်ပေးထားတာ ဖြစ်တဲ့အတွက် အဲဒိ ဒေသမှာ မဲဆန္ဒရှင် သောင်း ကျော်ရှိပြီး  ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ဒေါ်ဘောက်ဂျာက မဲအရေအတွက် အပြတ်အသတ်နဲ့ အနိုင်ရ ခဲ့တဲ့ နေရာဖြစ်ပါတယ်။

ဒေသခံတွေ မဲပေးခွင့် ဆုံးရှုံးရတဲ့အတွက် စိတ်မကောင်းရတယ်လို့  ဒေါ်ဘောက်ဂျာက ရှင်းပြပါတယ်။

“မငြိမ်မသက် ဖြစ်တာဟာ အစိုးရနဲ့ပဲ ဆိုင်တယ်လေ။ ပြည်သူလူထုတွေမှာ အခွင့်အရေး မရှိတော့ ဘူးလား။ လူ့အခွင့်အရေး ဆုံးရှုံးပြီလား။ ဒီဒေသတွေဟာ ဘာမှမဖြစ်ပါဘူး။ သူတို့က ပိတ်ထားတော့ ဒီဒေသက လူထုတွေဟာ နစ်နာတာပေါ့။ ကော်မရှင်က မဲရုံတွေ ပိတ်ပစ်တယ်ဆိုတော့ အခွင့်အရေး ဆုံးရှုံးမှု တရပ် ဖြစ်တာပေါ့။ ကျမက ပြန်ပြီး တောင်းဆိုချင် ပါတယ်။ ကော်မရှင်ကရော ဗဟို ကော်မရှင်ကရော ဒီကိစ္စကို တာဝန်ယူပြီး ပြန်ပြီး ဖွင့်ပေးဖို့ ပြောချင်ပါတယ်။”

ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းကတော့ ဖားကန့်မြို့နယ် အတွင်းမှာ မဲပေးတဲ့ မဲရုံပေါင်း ၁၀၀ ကျော်လောက် ရှိတယ်လို့ သိရပါတယ်။

ဖားကန့်မြို့နယ်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးဒါရှီလဆိုင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ဦးစိန်သိန်းထွန်းနဲ့ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီက ဒေါ်ဘောက်ဂျာတို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာလည်း မဲစာရင်းတွေမှာ သေဆုံးတဲ့ သူတွေကို ထည့်သွင်းထားပြီး အသက် ၁၈နှစ် ပြည့်တဲ့သူတွေ မပါဘဲ အမှားအယွင်းတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013