Homeမြန်မာသတင်း
“ဟာတို” တိုင်ဖွန်းမုန်တိုင်း အကြွင်းအကျန်တိမ်တိုက်များကြောင့် မိုးသက်လေပြင်းတိုက်ခတ်နိုင်
“ဟာတို” တိုင်ဖွန်းမုန်တိုင်း အကြွင်းအကျန်တိမ်တိုက်များကြောင့် မိုးသက်လေပြင်းတိုက်ခတ်နိုင်
DVB
·
August 24, 2017
တရုတ်နိုင်ငံကို ဖြတ်ကျော်တိုက်ခတ်သွားတဲ့ တိုင်ဖွန်းမုန်တိုင်း “ဟာတို” (Hato)ရဲ့ အကြွင်းအကျန်တိမ်တိုက်တွေကြောင့် မြန်မာနိုင်ငံမှာ ဒေသအလိုက် မိုးကြီးတာနဲ့ လေပြင်းတိုက်ခတ်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးဇလဌာနက ထုတ်ပြန်ထားပါတယ်။
တောင်တရုတ် ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း “ဟာတို” (Hato)ဟာ တရုတ်နိုင်ငံ တောင်ပိုင်းကမ်းခြေကို မနေ့ မွန်းလွဲပိုင်းက ဖြတ်ကျော်ဝင်ရောက် သွားခဲ့တာဖြစ်ပါတယ်။
ဒီမုန်တိုင်းရဲ့ အရှိန်ကြောင့် ယမန်နေ့ ညနေကနေ နောက် ၇၂ နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးတာနဲ့ လေပြင်းတိုက်ခတ်တာတွေ ဖြစ်နိုင်တယ်လို့ဆိုပါတယ်။
လေပြင်းတွေတိုက်ခတ်စဉ် မြေပြင်လေဟာ တစ်နာရီလျှင် မိုင် ၃၀ အထိ တိုက်ခတ်နိုင်တဲ့ အတွက် ကုန်းမြင့်ဒေသအနီးနေထိုင်ကြသူတွေ မြေပြိုမှု အန္တရာယ်ကိုသတိထားကြဖို့နဲ့ မြစ်ချောင်း အနီးနေထိုင်သူတွေ မြစ်ရေရုတ်တရက်မြင့်တက်ကာ ရေကြီးရေလျှံမှုဖြစ်ပေါ်လာနိုင်တာကို ကြိုတင်သတိပြုဖို့လည်း မိုးဇလက အကြံပြုထားပါတယ်။
မိုးလေ၀သပညာရှင် ဒေါက်တာ ဦးထွန်းလွင်ကလည်း မုန်တိုင်း Hato ရဲ့အကြွင်း အကျန်တိမ်တိုက်ဟာ မြန်မာနိုင်ငံကုန်းတွင်းဒေသတွေဖြစ်တဲ့ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေကို ကိုဖြတ်ကျော်သွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
အပူပိုင်းမုန်တိုင်း HATO ဟာ တရုတ်နိုင်ငံတောင်ပိုင်းကမ်းခြေကို ဟောင်ကောင်ကျွန်း အနီးမှဖြတ်သန်းခဲ့ပြီးနောက် အကြွင်းအကျန်တိမ်တိုက်ကြီးဟာ အနောက်ဖက်ကိုရွေ့လျှား လာခဲ့ရာ မနေ့ ညနေ ၅ နာရီခွဲအချိန်တိုင်းတာချက်အရ မိုးသည်းထန်စွာရွာသွန်းနေတဲ့ တိမ်တိုက်ကြီးဟာ ရှမ်းပြည်နယ်အတွင်းကို စတင်ဝင်ရောက်နေပြီလို့လည်း ထုတ်ပြန်ထား ပါတယ်။
ဓာတ်ပုံ- ဒေါက်တာ ဦးထွန်းလွင်