DVB Logo
Home
မြန်မာသတင်း
အစိုးရ ၀န်ထမ်းတွေကို ထောက်ပံ့ကြေးပေးမယ်လို့ အစိုးရကြေညာ
DVB
·
March 14, 2012
အစိုးရ ၀န်ထမ်းတွေကို ထောက်ပံ့ကြေးပေးမယ်လို့ အစိုးရကြေညာ
1 / 2
Donate to DVB

အစိုးရဌာနအသီးသီးမှာ အလုပ်လုပ်ကိုင်နေကြတဲ့ လခစားနဲ့ နေ့ စား ၀န်ထမ်းတွေ အားလုံးကို လာမယ့်  ဧပြီ (၁) ရက်နေ့  ကစပြီး အပို ထောက်ပံ့ကြေးတွေ ပေးမယ်လို့ အစိုးရက ဒီနေ့  ကြေညာလိုက်ပါတယ်။

လစာတိုးပေးတာ မဟုတ်ဘဲ အပို ထောက်ပံ့ကြေး ပေးတာ ဖြစ်တယ်လို့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီးရုံးက မတ် ၁၄ ရက်စွဲပါ အမိန့် ကြေငြာစာ ထုတ်ပြန်လိုက်တာ ဖြစ်တယ်လို့ အမ်အာတီဗွီ - ၄ ရုပ်သံက ထုတ်လွှင့်သွားပါတယ်။

အမိန့်စာမှာ နိုင်ငံဝန်ထမ်းတွေ၊တပ်မတော် (ကြည်း၊ ရေ၊ လေ)၀န်ထမ်းတွေကို ကျပ်ငွေ ၃သောင်း တိတိ ထောက်ပံ့ကြေး တိုးပေးမှာ ဖြစ်တယ်လို့ ပါရှိပါတယ်။ အစိုးရဌာန အဖွဲ့အစည်းတွေမှာ (၈ )နာရီ အလုပ် လုပ်တဲ့ နေ့ စား ၀န်ထမ်းတွေ အတွက်လည်း ၁ရက် လုပ်အားခ (၁၁၀၀) ကျပ် ကနေ နောက်ထပ် (၁) ထောင် ကျပ် တိုးပြီး (၂၁၀၀) ကျပ် ထိ တိုးမြင့် ခံစားကြရမှာ ဖြစ်ပါတယ်။ ထောက်ပံ့ကြေးငွေတွေ ကိုတော့ ၀န်ထမ်းတွေ အနေနဲ့  ဧပြီလကုန်ပိုင်း လခထုတ်မှ ခံစားရမှာ ဖြစ်ပါတယ်။

အခုလို လစာတိုးမြင့်ပေးမှုဟာ လွန်ခဲ့တဲ့ လပိုင်းတွေက စလို့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ၀န်ထမ်းတွေ လစာတိုးမြင့်ဖို့ အဆိုပြုချက် ထွက်ပေါ်ပြီး လပိုင်းအကြာမှာ ဖြစ်ခဲ့တာဖြစ်ပြီး စက်မှုဇုန်တွေ အပါအ၀င် ပြင်ပက အလုပ်ရုံ၊ စက်ရုံတွေက အလုပ်သမားတွေက လစာတိုးမြှင့်ပေးရေး ဆန္ဒပြ တောင်းဆိုနေချိန်မှာ ကြေညာခဲ့ တာပါ။  ခုလို ၀န်ထမ်းတွေ အတွက် ခံစားခွင့်တွေ တိုးပေးချိန်ဟာ လာမယ့် ဧပြီ (၁)ရက် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမယ့် အချိန်နဲလည်း တိုက်ဆိုင်နေပါတယ်။

မြန်မာပြည်တွင်းမှာ ၀န်ထမ်းတွေဟာ လစာ မလောက်မငဖြစ်မှုတွေနဲ့  ကြုံတွေ့နေကြ ရတာ ဆယ်စုနှစ်တွေနဲ့ ချီ ကြာမြင့်နေပြီ ဖြစ်ပြီး လစာငွေ မလုံလောက်မှု နောက်ဆက်တွဲ အဖြစ် လာဘ်ပေး လာဘ်ယူမှုတွေလည်း  ကြီးထွားနေတာပါ။

မြန်မာနိုင်ငံဟာ လာဘ်ပေးလာဘ်ယူမှုနဲ့ ပတ်သက်လို့ ကမ္ဘာပေါ်မှာ ဆိုမာလီယားနိုင်ငံနဲ့ မြောက်ကိုရီးယားနိုင်ငံ ပြီးရင် တတိယမြောက် အဆိုးဝါးဆုံး နိုင်ငံ ဖြစ်တယ်လို့ ဘာလင် အခြေစိုက် ထရန်ပါရင်စီ အင်တာနေရှင်နယ်အဖွဲ့ က မနှစ်က ထုတ်ပြန်ထားပါတယ်။

အရင်အစိုးရတွေ လက်ထက်တုန်းကလည်း လစာ တိုးမြင့်မှုတွေ ရှိခဲ့ပေမယ့် ကုန်ဈေးနှုန်း က လိုက်တက်လာတဲ့ အတွက် ၀န်ထမ်းတွေရဲ့ ၀င်ငွေနဲ့ထွက်ငွေ မညီမျှတဲ့ အတွက် ပြသာနာ ပြေလည်ခြင်းမရှိခဲ့ပါဘူး။ သမ္မတဦးသိန်းစိန် အစိုးရ လက်ထက်မှာ ဆယ်စုနှစ် ပေါင်း များစွာ တိုင်းပြည်အတွက် တာဝန် ထမ်းရွက်ခဲ့တဲ့ ပင်စင်စားကြီးတွေရဲ့ ၀န်ထမ်း လစာကိုလည်း တိုးမြင့်ပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013