လက်ပံတောင်းတောင် ဒေသခံများ ဆန္ဒပြ
Aung Ko Latt
·
August 23, 2017
လက်ပံတောင်းတောင်ဒေသခံတွေစုပေါင်းပြီး အထွေထွေလိုအပ်ချက်၊ နစ်နာချက်တွေအတွက် ပုသိမ်-မုံရွာလမ်းဆုံ၊ ကြေးနီစီမံကိန်းအနီးမှာ ဩဂုတ် ၂၃ ရက်နေ့ နေ့လယ်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။
ဒေသခံတွေရဲ့တောင်းဆိုချက်တွေကို အလေးမထားတာ၊ အစီရင်ခံစာပါ အချက်တွေကို အကောင်အထည်မဖော်တာ၊ မလေးစားတာ၊ အစားထိုးမြေယာဧက ၁၉၀၀ မဖော်ထုတ်ပေးသေးတာ၊ သီးနှံလျော်ကြေး၊ မြေယာလျော်ကြေးမရရှိသေးတာတွေအတွက် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
ဆန္ဒပြပွဲမှာ ဒေသခံတွေက ကုမ္ပဏီရှေ့ထိသွားရောက်ပြီး တာဝန်ရှိသူနဲ့တွေ့ဆုံခွင့်ရရေးကို တောင်းဆိုဖို့ရည်ရွယ်ခဲ့ပေမယ့် လုံခြုံရေးရဲတပ်ဖွဲ့က ပိတ်ဆို့တားဆီးထားတာကြောင့် သွားရောက်ခွင့်မရခဲ့ပါဘူး။
ဆန္ဒပြပွဲမှာ 'လူသတ်မြေသိမ်းကြေးနီစီမံကိန်းအလိုမရှိ'၊ 'အစီရင်ခံစာမလိုက်နာသည့် စီမံကိန်းဖျက်သိမ်းရေး'၊ 'သဘာဝပတ်ဝန်းကျင်ပျက်စီးစေတဲ့စီမံကိန်း ဖျက်သိမ်းရေး'၊ 'သီးနှံနစ်နာကြေး အမြန်ဆုံးရရှိရေး' စတဲ့ကြွေးကြော်သံတွေနဲ့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။