ပြီးခဲ့တဲ့သီတင်းပတ်က လူ ၁၃ ဦး သေဆုံးခဲ့ရတဲ့ ဘာစီလိုနာတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့ဝင် ၄ ဦးကို သြဂုတ် ၂၂ ရက်နေ့က တရားရုံးထုတ် စတင်ကြားနာ စစ်ဆေးခဲ့ပါတယ်။
သူတို့ ၄ ဦးကို ဘာစီလိုနာမြို့ကနေ တရားရုံးချုပ်ရှိရာ မက်ဒရစ်မြို့ကို လုံခြုံရေးတင်းကျပ်စွာနဲ့ ခေါ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။
အဲဒီ တံခါးပိတ်ကြားနာမှုမှာ တရားသူကြီး ဖာနန်ဒို အန်ဒရူ အန်ဒရူက အကြမ်းဖက်မှု၊ လူသတ်မှုနဲ့ လက်နက်ကိုင်ဆောင်မှု အပါအဝင် သူတို့အပေါ်တင်ထားတဲ့ စွဲချက်တွေကို ဖတ်ကြားခဲ့ပါတယ်။
အဲဒီနောက် တရားသူကြီးဟာ တရားခံတွေကို ကြားနာစစ်ဆေးခဲ့ပါတယ်။
ကြားနာရာမှာ တရားခံတဦးက သူတို့အဖွဲ့ဟာ ဖောက်ခွဲရေးပစ္စည်းတွေ အသုံးပြုပြီး ပိုမိုကြီးမားတဲ့ တိုက်ခိုက်မှုကို ကြံစည်ခဲ့တာဖြစ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။
တရားခံနှစ်ဦးကတော့ အယ်ဘာဒယ်ဘတ်ကီ အက်စ်ဆတီဆိုတဲ့ ဘာသာရေးဆရာတဦးဟာ အခုတိုက်ခိုက်မှုအတွက် သွေးထိုးလှုံ့ဆော်ခဲ့သူ ဖြစ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။
အဲဒီဘာသာရေးဆရာဟာ စပိန်နိုင်ငံ အရှေ့မြောက်ပိုင်း မြို့လေးတမြို့ကဖြစ်ပြီး အဖွဲ့ဝင် အတော်များများဟာ အဲဒီကလာတာ ဖြစ်တယ်လို့လည်း ထွက်ဆိုခဲ့ပါတယ်။
ချင်းမ်လိုင်းဆိုတဲ့ တရားခံကတော့ သူတို့ အစ္စလာမ်မစ်အဖွဲ့ဟာ ဆာဂရက်ဒါ ဖာမီလီယာ ဘုရားကျောင်းနဲ့ ဘာစီလိုနာမြို့ရှိ အထိမ်းအမှတ် နေရာတွေကို တိုက်ခိုက်ဖို့ စီစဉ်ခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။
အဲဒီ အစ္စလာမ္မစ်အဖွဲ့မှာ အဖွဲ့ဝင် ၁၂ ဦး ရှိခဲ့တယ်လို့ ယူဆရပြီး အခုအခါ သူတို့ ၄ ဦးသာ သက်ရှိထင်ရှား ကျန်ရစ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီကြားနာမှုဟာ လနဲ့ချီ ဒါမှမဟုတ် နှစ်ချီပြီး ကြာမြင့်နိုင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။