Home
မြန်မာသတင်း
နိုင်ငံတော်သို့ လှူဒါန်းထားသည့်မိကျောင်း တလကျော်သည့်အထိ လာမယူသေး
DVB
·
August 23, 2017
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၊ အလယ်ကျွန်းနယ်မြေရှိ ကန်ဘောင်ရိုးရပ်ကွက်၊ ကန်ဘောင်ရိုး မီးသတ်လမ်းကြား လူနေအိမ်မှာ မွေးမြူထားတဲ့ ၆ ပေလောက်ရှိတဲ့ မိကျောင်း တကောင်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ပထမအပတ်က သက်ဆိုင်ရာ သစ်တောဦးစီးဌာကို မွေးမြူထားတဲ့ပိုင်ရှင်က ပေးအပ်လှူဒါန်းထားပြီး ဖြစ်ပေမယ့် ဒီနေ့အချိန်အထိ လာမယူသေးဘူးလို့ မိကျောင်း မွေးမြူထားသူက ပြောပါတယ်။ လက်ရှိမှာ အဆိုပါ မိကျောင်းမွေးမြူထားတဲ့နေအိမ်ဟာ ဆားငန်ရေဝင်ရောက်တဲ့ လူနေ ရပ်ကွက်တခုဖြစ်ပြီး၊ အခုလို မိုးရာသီမှာ ဒီရေတက်ရောက်မှုတွေ မကြာခဏဆိုသလို ရှိနေတာကြောင့် လည်းကောင်း၊ မိကျောင်းကို မွေးမြူထားတဲ့ နေအိမ်နဲ့ မိကျောင်းကန်မှာ မြစ်ချောင်းနဲ့ ပေ ၁၀၀ လောက်သာ ကွာဝေးတယ်လို့ သိရပါတယ်။ အဲဒီမိကျောင်းကို မွေးမြူထာတဲ့ ၁၀ ပေပတ်လည်ရှိ အုတ်ကန်ဟာ နှစ်ရှည်လများ ရှိနေပြီး ခိုင်ခံ့မှုမရှိတာကြောင့်  ရပ်ကွက်နေပြည်သူတွေ၊ တခြားရပ်ကွက်တွေက မြို့နေပြည်သူတွေ နေ့စဉ် လာရောက်ကြည့်ရှုသူတွေရှိနေတဲ့အတွက် မြစ်ရေနဲ့ ဒီရေတက်ချိန်တွေမှာ အန္တရာယ်ပြုကို မိကျောင်းမွေးမြူထားသူနဲ့ အဲဒီရပ်ကွက်နေ ပြည်သူတွေက စိုးရိမ်နေကြပါတယ်။ မိကျောင်းမွေးမြူထားသူ ဒေါ်သန်းဌေးက “အခုက မိကျောင်းက အရင်လို မဟုတ်တော့ဘူး။ မြစ်ရေတက်လာရင် ကန်ထဲကို ရေတွေ စိမ့်ဝင်သွားရင် သူက ပျော်နေတယ်လို့ ဆိုရမလား။ ကန်ထဲမှာ ကူးခပ်နေတာမျိုး ဖြစ်လာတယ်။ ပြီးတော့ တခုစိုးရိမ်တာက ကန်က အခုချိန်မှာ အုတ်နီခဲတွေက ဆွေးမြည့်နေလို့ လုံခြုံခိုင်ခံ့မှု မရှိတာကြောင့် မြစ်ရေတက်ချိန်မှာ ကန်ပေါက်ထွက်ပြီး လွတ်ထွက်သွားပြီး၊ ရေကူး ဆော့ကစားနေတဲ့ ကလေးတွေကို ရန်မူမှာကို ရေကြီးလာရင် နိစ္စဓူဝ စိုးရိမ်နေရတယ်” လို့ ပြောပါတယ်။ အဆိုပါ မိကျောင်းမွေးမြူထားသူ မိသားစုမှာ အသက်ကြီးရွယ်အိုတွေ ဖြစ်နေတဲ့အတွက် အန္တရာယ်တစုံတခုဖြစ်မှာကို စိတ်ပူနေပြီး၊ အချိန်ပြည့် ကြည့်ရှုနိုင်ခြင်း မရှိတော့ဘူးလို့လည်း သိရပါတယ်။ မိကျောင်းကို ပြီးခဲ့တဲ့ ဇူလိုင်လ ပထမအပတ်က မြိတ်ခရိုင် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတွေ လာရောက်စစ်ဆေးမှတ်တမ်းယူကာ တိုင်းဒေသကြီး သစ်တောဦးစီးဌာနသို့ တင်ပြ ပေးသွားမယ်လို့ ပြောဆိုသွားတယ်လို့ သိရပါတယ်။ ဒေါ်သန်းဋ္ဌေးက “သစ်တောက လာယူမယ်လို့တော့ ပြောသွားပါတယ်။ အခုချိန်အထိလည်း လာမယူသေးဘူး၊ တလကျော်နေပြီး၊ အကျိုးအကြောင်း ဘာမှလည်း မသိရသေးဘူး ဖြစ်နေတယ်၊ ဖြစ်နိုင်ရင် အမြန်ဆုံးပဲ လာယူဖို့ အန်တီကတော့ ပြောချင်တယ်” ပြောဆို ပါတယ်။ တိုင်းဒေသကြီး သစ်တောဦးစီးမှူး ဦးကျော်ဇေယျက “တိုင်းဒေသကြီး တိုင်းသစ်တောဦးစီးဌာနသို့ တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်ရာ ရုံးချုပ်ကို တင်ပြထားဆဲ ဖြစ်ကြောင်း၊ အဲ့ ဒီ မိကျောင်းကို ယူတော့ယူမှာပါ လက်တလောတော့ ကျနော်တို့ ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ တိရိစ္ဆန်ဥယျာဉ်တွေကို ပို့ဆောင်ဖို့ စီစဉ်ထားပေမယ့် သူတို့ တိရိစ္ဆန်ဥယျာဉ်မှာလည်းပဲ မိကျောင်းအကောင်ရေများနေလို့ ယူဖို့ မယူဖို့ဆိုတာ အကြောင်း မပြန်သေးဘူး ဖြစ်နေတယ်။ လောလောဆယ် ကျနော်တို့လည်း ဘယ်ကို ပို့ရမှန်း မသိဖြစ်နေပါတယ်။ တကယ်လို့သူတို့မယူရင်တော့ သူ့သဘာဝအတိုင်း လူနဲ့ဝေးပြီး မိကျောင်းတွေ ကျက်စားတဲ့ မူရင်းနေရာကို ပြန်လွှတ်သင့်ရင် လွှတ်ပေးဖို့ ပြင်ဆင် ထားတယ်”လို့ ပြောကြားပါတယ်။ အဆိုပါ မိကျောင်းသည်၊ လက်ရှိတွင် အရွယ်အစားမှာ အလျှား (၆) ပေ နီးပါးနဲ့ ဗျက်အကျယ် (၃) ပေ ရှိနေပြီး၊ မွေးမြူထားတာ ၁၀ နှစ်နီးပါး ရှိနေပြီလို့ သိရ ပါတယ်။ မိကျောင်းကို လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် ၀န်းကျင်က တစ်ထွာခန့်သား ရှိပြီး၊ သစ်တောဋ္ဌာနမှ နယ်ပြောင်း အရာရှိတဦးမှ ပေးအပ်ခဲ့တဲ့အတွက် မွေးမြူထားရာမှ လက်ရှိမှာ တဖြည်းဖြည်း ကြီးထွားလာနေပြီး၊ အများပြည်သူတွေ နေ့စဉ်လာရောက် ကြည့်ရှုသူများနေတာကြောင့် လာရောက် ကြည့်ရှုသူတွေကို ရန်ပြု/ ရန်မူမှာကို စိုးရိမ်တဲ့အတွက် သက်ဆိုင်ရာကို ပေးအပ် လှူဒါန်းဖို့ စီစဉ်နေရတာ ဖြစ်ကြောင်း ဒေါ်သန်းဋ္ဌေးက ရှင်းပြပါတယ်။ သတင်း - ဇော်ဇော် (မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024