Friday, June 9, 2023
HomeLead Storyပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသည့် ကားနှင့် ကျွဲ၊ နွားများကို လေလံတင်ရောင်းချမည်

ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသည့် ကားနှင့် ကျွဲ၊ နွားများကို လေလံတင်ရောင်းချမည်

တရားရုံးမှာ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားတဲ့ မော်တော်ယာဉ်နဲ့ ကျွဲ၊ နွားတွေကို ကြမ်းခင်းဈေးသတ်မှတ်ပြီး လေလံတင် ရောင်းချသွားမယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံဘဏ္ဍာဝန်ကြီးက ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ် တရားရုံးမှာ အမှုပြီးပြတ်ပြီး ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားတဲ့ မော်တော်ယာဉ်နှင့် ကျွဲ၊ နွားတွေကို ကြမ်းခင်းဈေး သတ်မှတ်ပြီး လေလံတင် ရောင်းချသွားမယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဦးက လွှတ်တော် ကိုယ်စားလှယ်တဦးရဲ့ မေးမြန်းချက်ကို သြဂုတ်လ ၂၂ ရက်နေ့က ကျင်းပတဲ့ တိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေးမှာ ဖြေကြားခဲ့တာပါ။

တန့်ဆည်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်-၂ မှ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက “တရားရုံးက သိမ်းဆည်းထားတဲ့ သက်သေခံပစ္စည်းတွေက အမိုးအကာ မရှိ၊ နေရာမရှိ လမ်းဘေးတွေမှာ ဖြစ်သလို ထားနေရတာ။ တရားရုံးအကျယ်က ၁၁၀ ပေ၊ ၆၀ ပေပဲ ရှိတယ်။ ခုလို ပစ်ထားတော့ လေလံပစ်တဲ့အခါ ထိုက်သင့်တဲ့ ဈေးမရတော့ဘူး။ ဘဏ္ဍာငွေတွေ ဆုံးရှုံးတာပေါ့။ တရားရုံးရောက်လာတဲ့ အချိန်တုန်းကတော့ သက်သေခံပစ္စည်းတွေက အင်္ဂါစုံပေမယ့် ကြာလာတဲ့အခါကျတော့ ပျက်စီးတာ၊ ပျောက်တာတွေနဲ့ ဖြစ်ကုန်တယ်။ ဒါက ကျနော်တို့ တန့်ဆည်မှာတင် ဖြစ်နေတာ မဟုတ်ဘူး။ မြို့နယ်တိုင်းလိုမှာ ဖြစ်နေတာ။ ဒါကြောင့် မေးခွန်းမေးရတာပါ”လို့ ဒီဗွီဘီကို ပြောပါတယ်။

တန့်ဆည်မြို့နယ်တရားရုံးမှာ သိမ်းဆည်းထားတဲ့ အမှုပြီးပြတ်ပြီး သက်သေခံပစ္စည်းတွေထဲက ကားအစီး ၂၀၊ ဆိုင်ကယ် ၁၁ စီးနှင့် ကျွဲနွား ၁၅ ကောင်ရှိတယ်လို့ သိရပါတယ်။

တရားရုံးတွေမှာ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းထားတဲ့ ပစ္စည်းတွေအနက် လိုင်စင်မဲ့ မော်တော်ယာဉ်မှတပါး အခြားရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေကို တိုင်း/ပြည်နယ်အစိုးရက စီမံခန့်ခွဲနိုင်ပြီး၊ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေကို ပြည်ထောင်စုအစိုးရက စီမံခန့်ခွဲရမှာ ဖြစ်ပါတယ်။

“တန့်ဆည်မြို့နယ်တရားရုံးမှာ သိမ်းဆည်းထားတဲ့ မော်တော်ယာဉ် အစီး ၂၀ ထဲက ၁၄ စီးက လိုင်စင်မဲ့ကားတွေပါ။ ဒါတွေကိုတော့ ပြည်ထောင်စုအဆင့်ကို တင်ပြထားပါတယ်။ လိုင်စင်ရှိတဲ့ မော်တော်ယာဉ်တွေကိုတော့ တန်ဖိုးသတ်မှတ်ပေးဖို့ တိုင်း က.ည.နကို အကြောင်းကြားထားပြီး ဖြစ်ပါတယ်။ ဆိုင်ကယ် ၁၀ စီးမှာ အများစုကိုတော့ သုံးစွဲလို့ အဆင်မပြေတော့တဲ့အတွက် သံရည်ကြိုစက်ရုံကို လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ဆောင်မှာဖြစ်ပြီး ကျွဲ၊ နွားတွေကိုတော့ လေလံတင်ရောင်းချမှာ ဖြစ်တယ်”လို့ လွှတ်တော်မှာ ဖြေကြားခဲ့တာပါ။

တန့်ဆည်တရားရုံးမှာ သိမ်းဆည်းထားတဲ့ ကျွဲ၊ နွားတွေထဲက ၇ ကောင်ကို ပြီးခဲ့တဲ့ ၈ ရက်နေ့က လေလံတင်ရောင်းချခဲ့ပြီး ကျန်ရှိနေတဲ့ ၈ ကောင်ကိုတော့ သြဂုတ်လ ၂၂ ရက်နေ့က လေလံတင်ရောင်းချရာမှာ လေလံကြမ်းခင်းဈေး မြင့်တက်နေတဲ့အတွက် ဝယ်ယူသူ မရှိခဲ့ဘူးလို့ သိရပါတယ်။

နိုင်ငံတော်ရဲ့ ရသင့်ရထိုက်တဲ့ အခွန်ဘဏ္ဍာတွေ ရရှိစေရေးအတွက် မြို့နယ်တိုင်း မြို့နယ်တိုင်းမှာ အမှုပြီးတဲ့ သက်သေခံပစ္စည်း လေလံပွဲတွေ လုပ်ပေးသင့်တယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်က ပြောဆိုခဲ့ပါသေးတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular