မဲဆွယ်မိန့်ခွန်း အင်တာနက်ပေါ် ပြန့်နေမှု အန်အယ်လ်ဒီ ငြင်းဆို
DVB
·
March 13, 2012
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီမဲဆွယ် စည်းရုံးရေး အတွက် နေပြည်တော် မြန်မာ့အသံမှာ ရိုက်ကူးခဲ့တဲ့ ဗွီဒီယိုဟာ မြန်မာ့အသံကနေ မလွှင့်ခင် အင်တာနက်ပေါ်မှာ ပြန့်နှံ့နေပါတယ်။
မတ်လ ၁၄ ရက်နေ့ မှာ ထုတ်လွှင့်ဖို့ စီစဉ်ထားတာ ဖြစ်ပေမယ့် ခုလို ပြင်ပကို မိန့်ခွန်း ကြိုတင် ပေါက်ကြားနေမှုနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ မသက်ဆိုင်ကြောင်း ပါတီ ပြောခွင့်ရ ဦးအုန်းကြိုင်က ပြောပါတယ်။
“ကျနော်သိတာက ၁၂ ရက်နေ့က နေပြည်တော်ကို သွားပြီး သူတို့ မြန်မာအသံက ကြိုတင်ပြီးတော့ အသံသွင်းတယ်လို့ ပြောတယ်။ အဖွဲ့ချုပ်မှာ လုပ်တာလည်း မဟုတ်ဘူး။ မြန်မာ့အသံမှာ လုပ်တာ ဖြစ်တယ်။ အဲဒါ မနက်ဖြန်ခါမှာ လွှင့်မှာ။ ဒီနေ့ ကြိုထွက်တယ် ဆိုတော့ မြန်မာ့အသံကိုပဲ မေးဖို့ ပိုကောင်းလိမ့်မယ်။” လို့ ပြောပါတယ်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီ မဲဆွယ် စည်းရုံးရေး မိန့်ခွန်းက မတ်လ ၁၂ ရက် နေ့က နေပြည်တော် ပြန်ကြားရေး ၀န်ကြီးဌာန တပ်ကုန်းမှာရှိတဲ့ မြန်မာအသံ စတူဒီယိုမှာ သွားရောက် ရိုက်ခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကို မတ်လ ၁၄ ရက် နေ့မှာ မြန်မာအသံက ထုတ်လွှင့်ဖို့ အစီအစဉ်ရှိတာဖြစ်ပေမယ့် မတ်လ ၁၃ ရက်နေ့ကတည်းက တရက်ကြိုတင်ပြီး အင်တာနက်ပေါ်မှာ ပြန်နှံ့နေတာပါ။