အစိုးရ၀န်ကြီးဌာနတွေ အတွင်း ငွေကျပ်သိန်းပေါင်းထောင်ချီကွာဟမှု

ပြည်ထောင်စုဝန်ကြီးဌာနများရဲ့ကျပ်သိန်းပေါင်းထောင်ချီတဲ့ အလွဲသုံးစားမှုများနဲ့ ငွေစာရင်းအင်း မမှန်မကန် ဖော်ပြမှုများကို ပြည်ထောင်စု စာရင်းစစ်ရုံးက စစ်ဆေးတွေ့ရှိခဲ့ပြီး လွှတ်တော်ကို တင်ပြလိုက်ပါတယ်။ ဒါဟာ ဒုတိယအကြိမ် တင်ပြချက် ဖြစ်ပြီး ပထမအကြိမ်တုန်းကလည်း မအောင်မမြင်ဖြစ်တဲ့ စီမံကိန်းတွေကိစ္စကို တင်ပြခဲ့လို့ မြစ်ရေတင် စီမံကိန်းတွေ အတော်များများ ရပ်ဆိုင်းသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အခုမှာ လွှတ်တော်က ဘယ်လို ဆုံးဖြတ်မယ် ဆိုတာ မသိရသေးပါဘူး။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း လသာ အမတ် ဦးကြည်မြင့်ကို မေးမြန်းထားပါတယ်။ ဒီရက်ပိုင်းအတွင်းမှာ ပြည်ထောင်စု စာရင်းစစ်ချုပ်ကနေပြီးတော့ လွှတ်တော် ငွေစာရင်းကော်မတီထံကို ပေးပို့တဲ့အစီရင်ခံစာနဲ့ ပတ်သက်ပြီး နည်းနည်းပြောပြပါလား။ “ဒီဟာက ပြည်ထောင်စု စာရင်းစစ်ချုပ်က ပြည်သူ့ငွေစာရင်းကော်မတီကို ဘဏ္ဍာငွေ ရသုံးဆိုင်ရာ ဥပဒေအပေါ်မှာ သူ့ရဲ့တွေ့ရှိချက်ကို ပြည်သူ့လွှတ်တော်ကို ပို့လိုက်တာပါ။ အခုဖြစ်တဲ့တခုမှာ သူပို့ထားတာက ကန်ချောင်းဆည်မြောင်း တာတမံတွေ လုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ စာရင်းစစ်ချုပ်ရဲ့ တွေ့ရှိချက်ကို ပြည်သူ့လွှတ်တော်ကို အစီရင်ခံထားတာ။ ဒါကပထမတခု၊ ဒုတိယတခုက ဘဏ္ဍာငွေ ရသုံးဆိုင်ရာ ဥပဒေအပေါ်မှာ စစ်ဆေး တွေ့ရှိချက်ကို ပြည်သူ့လွှတ်တော်ကို တင်ပြတာ။ အဲဒါကို ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်း ကော်မတီက စတင်သုံးသပ်နေတာ။ ကျနော်တို့ ဘတ်ဂျက်ပိုင်းကို သိပ်မလာသေးဘူး။ အဲဒီမှာ ၀န်ကြီးဌာန အလိုက်ဆိုရင် စက်မှုဝန်ကြီးဌာန၊ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သမ၀ါယမ၀န်ကြီးဌာန၊ အဲ့ဒါတွေကို သုံးသပ်ထားတာတွေ ပါတယ်။" ၀န်ကြီးဌာန တချို့က ကျပ်ငွေသိန်းပေါင်း ထောင်ချီပြီး ငွေကြေးအလွဲသုံးစားပြုလုပ်မှုတွေနဲ့ ငွေစာရင်း မမှန်မကန် ဖော်ပြမှုတွေကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးကနေ ရှာဖွေတွေ့ရှိခဲ့တယ် လို့ သတင်းတွေမှာလည်း ရေးသားဖော်ပြကြတယ်။ ကြားပါတယ်။ ဒါမှန်ပါသလား။ ဘယ်အချက်တွေကို ထောက်ပြီး ပြောကြတာလဲ။ "မှန်ပါတယ်။ စာရင်းစစ်ချုပ်ရုံးဆိုတာက ရှေးထဲက ရှိပြီးသားလေ။ လမ်းစဉ်ပါတီခေတ်မှာ ဆိုရင် လုပ်ငန်းစစ်ဆေးရေး အဖွဲ့ဆိုပြီး အာဏာပိုင် ၄ရပ်ဆိုပြီး ရှိခဲ့တာလေ။ အခုခေတ် ကျတော့ အာဏာပိုင် သုံးရပ်ပဲ ရှိတဲ့ အခါကျတော့ စီမံကိန်းနဲ့ စီးပွားဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန အောက်ကို ရောက်သွားတာပဲ။ သူ့ရဲ့ တာဝန်နဲ့ လုပ်ငန်းတွေကျတော့ ၀န်ကြီး ဌာနတွေ၊ ရုံးတွေမှာ စာရင်းစစ်အဖွဲ့တွေကို ထားပေးထားရတာ ရှိတယ်။ ဌာနတွေရဲ့ ငွေစာရင်းတွေ၊ စီမံကိန်းနဲ့ ပတ်သက်တဲ့ စာရင်းတွေကို အမြဲတမ်း စစ်ဆေးတာတွေ ရှိတယ်။ လုပ်ပိုင်ခွင့်လည်း ဖြစ်တယ်။ စစ်ဆေးပြီးတဲ့အခါမှာ တွေ့ရှိချက်တွေကို သာမန်ပဲ တိုက်ရိုက် ၀န်ကြီးအဖွဲ့ကို တင်ပြလိုက်တာပေါ့။ ၀န်ကြီးအဖွဲ့ကပဲ ကိုယ့်အချင်းချင်း ဖြေရှင်းယူတာပေါ့။ အခုကတော့ ပြည်သူ့လွှတ်တော်ရှိတဲ့အတွက် လွှတ်တော်ကို ပို့လိုက်တာပေါ့။ လွှတ်တော်က ဒီဟာတော့ ကွာခြားချက် ရှိတယ်၊ လိုအပ်ချက်ရှိတယ် ဆိုပြီးတော့ သမ္မတနဲ့ ၀န်ကြီးအဖွဲ့ကို သုံးသပ်တင်ပြချက် လုပ်တာပေါ့။ ဒီ နှစ်ခုကြောင့် လုပ်ရိုးလုပ်ငန်းပုံစံတော့ ကွဲသွားတာပေါ့။ ကွဲသွားတယ် ဆိုပေမယ့် စာရင်းစစ်ချုပ်ရုံး ဆိုတာက အရင်တုန်းက ပြည်သူ့လုပ်ငန်း စစ်ဆေးရေးဌာနရဲ့ လုပ်တဲ့ ပုံစံအတိုင်းပဲ လုပ်တာပေါ့။ လုပ်တဲ့အခါမှာ နည်းနာ တခုချင်းကနေပြီးတော့၊ အထူးသဖြင့် ဘတ်ဂျက် ကာလ ရောက်တဲ့အခါကျတော့ ဘတ်ဂျက်မှာ နောက်ထပ် ငွေတောင်းထားတဲ့ ကိစ္စမျိုးတွေ နောက် နှစ်အတွက် ငွေလျာထားတဲ့ ကိစ္စမျိုးတွေ၊ ကျနော်တို့ အသေးစိတ် စာရင်းတွေ ပေးထားရတယ်။ ကျနော်ပြောဖူးပါတယ်။ ဆာလာအိတ် တလုံးစာလောက် လွှတ်တော် ကိုယ်စားလှယ်တယောက်စီကို လေ့လာဖို့ ဆိုပြီးတော့။ ဌာနတခုချင်းအလိုက် ရေးထားတာရှိတယ်။ အဲဒီမှာ ပြန်ပြီးတော့ လေ့လာတဲ့ အခါကျတော့ စောစောကပြောသလို ၀န်ကြီးဌာန တော်တော်များများမှာ လိုအပ်တဲ့ အသုံးစရိတ်ထက် ပိုပြီးတော့ တောင်းထားတာတွေ စီမံကိန်း မအောင်မြင်တာတွေ။ ကုန်ကျတာနဲ့ ပြန်ရတာ မကိုက်ညီတာတွေ။ မကိုက်မှန်းလည်း သိလျက်နဲ့ လုပ်တာတွေက ပြည်သူ့အတွက် အကျိုးရှိ၊ မရှိဆိုတဲ့ ကျင့်ထုံးဥပဒေ မပါဘဲ လုပ်ထားတာတွေ၊ အစသဖြင့် မြင်တာကို သူက ထည့်ပြော သွားတယ်။ သူ့အနေနဲ့ လုပ်ပိုင်ခွင့်လည်းရှိတယ်။ ပြောပိုင်ခွင့်လည်း ရှိတယ်။ အမြဲတမ်းလည်း အနီးကပ်ပြီးတော့ သူ့ရဲ့စာရင်းစစ်အဖွဲ့ကို ချထားပြီးတော့ စစ်ဆေးနေတာ။” အဲဒီတော့ ကျနော်တို့တွေ့တာ ကြောက်ခမန်းလိလိပဲ။ ကျပ်သိန်း ထောင်ချီပြီးတော့ အဲဒါမျိုး ဖြစ်တယ်ဆိုတော့ ငွေစာရင်း မမှန်မကန် ဖြစ်တာတွေ တွေ့ရတယ်။ အခုလိုမျိုး ဖြစ်တာ အခု ဘဏ္ဍာရေးနှစ်မှာမှ ဖြစ်တာမဟုတ်ပဲနဲ့ ဟိုးအရင် ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်ကနေ စဖြစ်တယ် ဆိုတာတွေလည်း တွေ့ရတယ်။ အရင်တုန်းကတော့ နအဖအစိုးရ အုပ်ချုပ်တော့ ဒီကိစ္စက ညှိပြီးတော့ ပြေလည်ကောင်း ပြေလည်မှာပေါ့။ အခုက လွှတ်တော် ပေါ်လာပြီဆိုတော့ လွှတ်တော် ကိုယ်စားလှယ်တွေလည်း ရှိလာပြီလေ။ ဒီဟာနဲ့ပတ်သက်လို့ လွှတ်တော် ကိုယ်စားလှယ်တွေကကော ဘယ်လိုမျိုး ရပ်တည်ကြလည်း၊ အခုတောင်းပန်လိုက်ရင် ပြီးသွားကောလား။ ဘယ်လိုဆက်လုပ်မလဲ။ “မရဘူး။ အဲဒါကျတော့လည်း လွှတ်တော်က ကြာသွားတာ။ ကျနော်တို့ကလည်း တွေ့ရှိချက်ကို တွေ့ရှိချက်အတိုင်း ပြောတယ်ပေါ့။ အဲဒီလိုပဲ ခုနကစာရင်းစစ်ချုပ်ကလည်း ခေတ်စနစ်နဲ့ ပြောင်းလဲသွားတာနဲ့အညီ သူကလည်းပဲ အရင်လို အစိုးရအဖွဲ့ကို အစီရင်ခံရတာ မဟုတ်တော့ပဲနဲ့ လွှတ်တော်ကို တင်ပြရတာ။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေကို အစီရင်ခံရတဲ့ သဘောရောက်တော့ ပြည်သူ့ကိုယ်စားလှယ် တွေဆီကို ရောက်လာတယ်။ ပြည်သူ့ကိုယ်စားလှယ်တွေက ဒီပေါ်မှာ တည်ပြီးတော့ အရင်အတိုင်းတော့ လက်မခံနိုင်ဘူးပေါ့။ ပထမနှစ်မှာ အချိန်ကလည်း မရှိတော့လို့၊ ဖြစ်တယ်ဆိုဦးတော့၊ ကျနော်တို့ဘက်က စာရင်းစစ်ချုပ်ရဲ့ တွေ့ရှိချက်ကို ကျနော်တို့က ထောက်ခံထားတယ်။ ကျနော်တို့ ကိုယ်တိုင်လည်း ဒီဥစ္စာကို လက်ခံ ယုံကြည်ထားတယ် ဆိုတဲ့ သဘောတရားတွေနဲ့ ကျနော်တို့ လျော့ခိုင်းတယ်ပေါ့။ ဒီသဘောမျိုးတော့ လုပ်နေတယ်။” အခုလဲ ဒီကိစ္စမပြတ်သေးဘူးထင်တယ်။ “မပြတ်သေးဘူး။ ဘတ်ဂျက်အပိုင်းကို မပြတ်သေးဘူး။ စီမံကိန်းအပိုင်းမှာပဲ လာပြီးတော့ ဒီကိစ္စက စီမံကိန်းအပိုင်းမှာ ပါလာတာကို။ ဘတ်ဂျက်ကို စစ်ဆေးပြီးတဲ့အခါကျတော့ ရှေ့က စီမံကိန်းတွေ ပရောဂျက်တွေ  လာပြီးပေါ်တယ်။ အစိုးရဘက်ကလည်း ရိုးသားမှု ရှိပါတယ်။ ကျနော် ပြောချင်တာက အမျိုးသားစီမံကိန်းနဲ့ စီမံချက်တွေကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာကို ထည့်ထားတယ်။ လွှတ်တော်ကို ပြရမယ်ဆိုတာကိုပေါ့၊ အခုက ဘတ်ဂျက်ကို မဆွေးနွေးခင်မှာပဲ ဘတ်ဂျက်ရှေ့ကနေ ဒီလိုဖြစ်ပေါ်စေတဲ့ အစိုးရရဲ့ စီမံကိန်းတွေ ကို လာပြီးတော့ စစ်ဆေးပြီးသား ဖြစ်သွားတယ်။ အဲဒီမှာ စီမံကိန်းတွေမှာ လွဲချော်တာတွေ မြင်သွားတယ်။ အလွဲသုံးစား လုပ်တယ်လို့တော့ စွပ်စွဲမှုတွေ မရှိဘူးပေါ့။ ဒါပေမယ့်လည်း လုပ်ငန်းတခုက အကျိုးသက်ရောက်မှုနဲ့ အကျိုးအမြတ်က မကိုက်မှန်း သိသိနဲ့ လုပ်ထားတာတွေက အခုပေါ်လာတော့ ပေါ်လာတဲ့အတိုင်းပဲ ဒီကိစ္စကို လျှော့ဖို့ ဖျောက်ဖို့ ကျနော်တို့ပြောတယ်။” အခု ကျနော်တို့တွေ့ရတဲ့ စာရင်းအရဆိုရင် ပြန်ကြားရေး ၀န်ကြီးဌာနရဲ့ ဘဏ်သို့ ပေးသွင်းထားတဲ့ နိုင်ငံပိုင် သတင်းစာများအတွက် ရောင်းရငွေ ကျပ်ငွေ သိန်းပေါင်း ၂၅၈၀ ကျော်ကို ဌာနက ပြန်လည်ပေးသွင်းခြင်း မပြုဘဲ အလွဲသုံးစား ပြုလုပ်ထားပြီး စာရင်းစစ်ချုပ်ရုံးက စစ်ဆေးတွေ့ရှိရသဖြင့် ကျပ်ငွေ သိန်းပေါင်း ၁၅၀၀ ကျော်ကိုသာ ပြန်လည်ပေးသွင်းခဲ့ကြောင်း သိရပါတယ်။ ဒီကိစ္စက မှန်လား။ “ဟုတ်ပါတယ်။ သူက တွေ့ရှိသလောက်ကို ပြန်မသွင်းဘူးပေါ့။ သို့သော်လည်း သူ့မှာလည်း သူပြစရာ အကြောင်းတွေတော့ ရှိပါလိမ့်မယ်။ မီးရထားဌာနဆို ကျပ် သိန်းပေါင်း ၅၀၀၀ ကျော်ကို ပြန်သွင်းပေးရတယ်။ ကောင်းသွားတာပေါ့။ အရင်လို လွှတ်ထားတာနဲ့ စာရင်တော့ အတော်များများက ပြည်သူ့ဘဏ္ဍာထဲကို ပြန်ဝင်လာတာပေါ့။” အမှတ်(၁) စက်မှု ၀န်ကြီးဌာနရဲ့ ငွေကြေးအလွဲသုံးစားမှုမှာလို့ ထောက်ပြထားတာ ရသာချို ခေါက်ဆွဲခြောက်လုပ်ရန်၊ မီးထိုးဆီ ဂါလံ ၂ သိန်းကျော်ကို ချောက်ရေနံချက်စက်ရုံက ထုတ်ပြီးတော့ အပြင်ကို လက်လွှဲရောင်းချခဲ့တယ်တဲ့။ အဲဒါမျိုးတွေလည်း ပါတယ်။ ဒါတွေကော မှန်လား။ “များသောအားဖြင့်ကတော့ ကျနော်တို့မှာ ကော်မတီဝင်ရှိတယ်။ ကော်မတီက တခြားလုပ်ငန်း လုပ်ဖို့လည်း ဖွဲ့တာတော့ မှန်တာပေါ့။ သို့သော်လည်း ဘတ်ဂျက်နဲ့ ပတ်သက်တဲ့ကာလ ရောက်လာတဲ့အခါကျတော့ ကော်မတီတခုကနေ ၀န်ကြီးဌာန တခုလုံး၊ ၀န်ကြီးဌာန မဟုတ်လို့ရှိရင် ပြည်ထောင်စု အဆင့်အဖွဲ့အစည်းတွေ ဥပမာ - ရွေးကောက်ပွဲကော်မရှင်လို၊ ဥပဒေရေးရာအကြံပေး အဖွဲ့တွေလို၊ ဖြစ်ရင်ဖြစ်မယ်။ အဲဒါတွေနဲ့ တွဲပြီးတော့ ကျနော်တို့ ကော်မတီ တခုဆီကနေ စစ်ထုတ်လိုက်တာပေါ့။ ဒီဥစ္စာက ပိုပြီး အသေးစိတ်ပြီး သိနေတာပေါ့။ တဦးချင်း အနေနဲ့ကတော့ ပြောတာတွေကလည်း ၇၅ယောက် ရှိတယ်။ ဒါ့အပြင် ပြည်သူ့လွှတ်တော်မှာ ရေးရာကော်မတီဝင် ၁၉ ဦး ကနေပြီးတော့ ၀န်ကြီးဌာနနဲ့ ပြည်ထောင်စု အဆင့်ဌာန တခု၊ နှစ်ခုလောက်ကို တာဝန်ယူပြီးတော့ ခွဲဝေစစ်ဆေးတဲ့ အခါကျတော့ အခုလို အသေးစိတ် ပေါ်လာတယ်။” အဲဒီငွေတွေ ပြည်သူ့ဘဏ္ဍာငွေထဲ ပြန်ရောက်အောင် ငွေစာရင်း ကော်မတီတို့၊ ပြည်ထောင်စု စာရင်းစစ်ချုပ်တို့က ဘယ်လိုဆောင်ရွက်ဖို့ ရှိလဲ။ အထူးသဖြင့် လွှတ်တော်ကပေါ့။ “ဒါကြောင့်လည်း လွှတ်တော် နည်းနည်းကြာသွားတယ်။ ပြောရရင်တော့ စပြီးတော့ စစ်စစ်ပေါက်ပေါက် လုပ်တာက ၀န်ထမ်းတွေ လစာတိုးပေးနိုင်ရေးအတွက် ဘတ်ဂျက်မှာ ရှိတဲ့ ငွေလေး အပိုအလျှံ ထွက်လာမလားဆိုပြီးတော့ လုပ်ရင်းနဲ့က သွားတွေ့တာ တပိုင်း။ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ကတော့ ဒါနဲ့ပတ်သက်လို့ ၇၅ ယောက်က ဆွေးနွေးတာက ပထမတပိုင်းပေါ့။ နောက်တပိုင်းကျတော့ ဦးသူရရွှေမန်းက ၀န်ထမ်းတွေ လစာတိုးပေးနိုင်ဖို့ ဘတ်ဂျက်ထဲမှာ ပိုက်ဆံဘယ်လောက် ထွက်လာမလဲဆိုတာ ရှာလို့ရအောင် ပြည်သူ့လွှတ်တော်မှာရှိတဲ့ ကော်မတီ၁၉ ခုကို၊ ၀န်ကြီးဌာနနဲ့ ပြည်ထောင်စု အဆင့် ဌာနတွေရဲ့ ဘတ်ဂျက်တွေ လိုက်ပြီး စစ်ဖို့အတွက် တာဝန်ခွဲဝေ ပေးတဲ့ အခါမှာ ပိုပြီးတော့ ပေါ်လွင်သွားတယ်။ ကော်မတီတွေကျတော့ ကျနော်တို့က ၀န်ကြီးဌာနကို တိုက်ရိုက်ခေါ်ပြီး ဆွေးနွေးတာကို၊ ကျနော်တို့ဆိုရင်လည်း သိပ္ပံနဲ့ နည်းပညာဌာနကို ခေါ်လိုက်တယ်။ ခေါ်ပြီးတော့ ခင်များတို့ ဘတ်ဂျက်က ဒီနေရာတွေ ကျနော်တို့ မြင်တယ်။ ဒီဥစ္စာတွေက မသုံးပဲနေလို့ ရလား၊ ဆိုင်းငံ့ထားလို့ရသလား။ ဥပမာ -  ကျနော်တို့က ဗဟိုစက်ပစ္စည်းနဲ့ စာရင်းအင်း ဌာနအဖွဲ့ဆိုတာ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဌာန အောက်မှာ ရှိတယ်။ သူကနေ ဈေးနှုန်း သတ်မှတ်ပေးတယ်။ သူသတ်မှတ်ပေးတဲ့ ဈေးနှုန်းနဲ့ပဲ ၀န်ကြီးဌာနတိုင်းကနေ သွင်းယူတဲ့ ဈေးနှုန်းတွေရဲ့ တန်ဖိုးကို ဖော်ပြရမယ်။ ၀န်ကြီးဌာန တခုနဲ့တခု မတူတာတွေ ရှိတယ်။ ဒီဥစ္စာကို အမ်စီစီလို့ခေါ်တယ်။ ဗဟိုစက်ပစ္စည်းနဲ့ စာရင်းအင်းဌာနရဲ့ သတ်မှတ်တဲ့ ဈေးနှုန်းအတိုင်း တညီတည်း ဖော်ပြရန် ဆိုတာမျိုး၊ ကျနော်တို့က ချပေးရတယ်။” ဒီကိစ္စကို အများပြည်သူတွေသိအောင် သတင်းစာတွေမှာ မဖော်ပြသင့်ဘူးလား။ “ဂျာနယ်တွေမှာ တချို့ဖော်ပြနေတယ်။ သတင်းစာတွေမှာ ဖော်ပြတယ်။ ကျနော်တို့ဆီမှာ အခု ဂျာနယ်က သတင်းထောက်တွေတော့ လာကြတယ်။ သူတို့က အကုန်ကြားတယ် လေ။ ဆက်ပြီးတော့ အင်တာဗျူးလို့လည်း ရပါတယ်။ ဂျာနယ်တွေမှာတော့ တော်တော်များများ ပြောတယ်။” အခုက ဒီကိစ္စက ပြည်သူ့ဘဏ္ဍာထဲကို ငွေစာရင်းတွေ တော်တော်ဝင်လာမယ့် ပုံစံရှိတယ်။ “တော်တော်လေးကို ပြန်ဝင်လာရင် မူလက ချပေးထားတဲ့ ၀င်ငွေအချိုး ၄ဒဿမ ၈ တို့ဘာတို့ ပြောင်းသွားမယ်။ ဘတ်ဂျက်လိုငွေ ဘီလီယံ ၂ ထောင် ဆိုတာလည်း ပြောင်းသွားလိမ့်မယ်။”

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up