DVB Logo
Home
မြန်မာသတင်း
ဝန်ကြီးဌာနတွေရဲ့  ငွေသိန်းထောင်ချီ အလွဲသုံးမှု တွေလွှတ်တော်မှာဖွင့်ချ
DVB
·
March 13, 2012
ဝန်ကြီးဌာနတွေရဲ့  ငွေသိန်းထောင်ချီ အလွဲသုံးမှု တွေလွှတ်တော်မှာဖွင့်ချ
Donate to DVB

ပြည်ထောင်စု ၀န်ကြီးဌာနတွေရဲ့ ကျပ် သိန်း ထောင်ပေါင်းများစွာ အလွဲသုံးမှုများနဲ့ ငွေစာရင်းအင်း မမှန်မကန် ဖော်ပြတဲ့ တွေ့ရှိချက်တွေကို ပြည်ထောင်စု စာရင်းစစ်ရုံးက လွှတ်တော်ကို တင်ပြလိုက်ပြီး အစီရင်ခံစာကို ငွေစာရင်း ကော်မတီထံ တင်ပြလိုက် ပါတယ်။

ပြည်ထောင်စု စာရင်းစစ်ရုံးက ငွေစာရင်း ကော်မတီကို ပေးပို့တဲ့ အစီရင်ခံစာမှာ ပြည်ထောင်စု ၀န်ကြီးဌာနတွေက ကျပ် သိန်းပေါင်း ထောင်ချီပြီး အလွဲသုံးတာ မမှန်မကန် လိမ်လည် ဖော်ပြမှုတွေ ရှိတယ်လို့ ထည့်သွင်း ဖော်ပြထားတာပါ။

ဒီတကြိမ် ပြည်ထောင်စု စာရင်းစစ်ရုံးက တင်ပြချက်ဟာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ၀န်ထမ်းတွေကို လစာတိုးပေးရေး အဆိုပြုချက်ကနေ အစပြုပြီး စစ်ဆေးရာက ပေါ်ထွက်ခဲ့တာဖြစ်ပါတယ်။

ကနဦးပိုင်းက ၀န်ထမ်းတွေ လစာ တိုးပေးရေးကိစ္စဟာ လတ်တလောမှာ မဖြစ်နိုင်တဲ့ အကြောင်းကို ဘဏ္ဍာအခွန်ဝန်ကြီးက စာရင်းနဲ့တကွ ရှင်းခဲ့ပါတယ်။ ဒီနောက်မှာ သူရဦးရွှေမန်းက ၀န်ထမ်း လစာတိုးရေး ဖြစ်နိုင်ဖွယ် ကိစ္စတွေကို စာရင်းစစ်ဆေးဖို့ တာဝန်ပေးရာက လွှတ်တော်က ခန့်အပ်ထားတဲ့ ရေးရာ ကော်မတီ ၁၉ ခုက ပြည်ထောင်စု ၀န်ကြီးဌာနတွေကို စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

အခုတကြိမ်ဟာ ပြည်ထောင်စု စာရင်းစစ်ရုံးက ဘဏ္ဍာငွေ အရ အသုံးဆိုင်ရာ ဥပဒေပေါ်မှာ စစ်ဆေး တွေ့ရှိချက်ကို ပြည်သူ့လွှတ်တော်ကိုတင်ပြတာဖြစ်ပြီး ပြည်သူ့ငွေစာရင်းကော်မတီက ပြန်လည်သုံးသပ် နေတာဖြစ်ပါတယ်။

အဲဒီတင်ပြချက်တွေထဲမှာ ၀န်ကြီးဌာနအလိုက် စွမ်းအင်ဝန်ကြီးဌာန၊ စိုက်ပျိုးရေးနဲ့ ဆည်မြောင်း ၀န်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန၊ သမ၀ါယမ ၀န်ကြီးဌာနနဲ့ ပြန်ကြားရေးဝန်ကြီးဌာနတွေရဲ့ အလွဲသုံးမှု မမှန်မကန်ဖော်ပြချက်တွေပါရှိပါတယ်။

ရန်ကုန်တိုင်း လသာမြို့နယ်အမတ် ဦးကြည်မြင့်က  ခုလိုငွေကြေးကွာဟမှုတွေ စတင် ပေါ်ပေါက် လာပုံကို ခုလို ပြောပါတယ်။

“စပြီး စစ်စစ်ပေါက်ပေါက် လုပ်တာက ၀န်ထမ်းတွေ လစာတိုးပေးနိုင်ရေးအတွက် ဘတ်ဂျက်ထဲမှာ ရှိတဲ့ ငွေကြေးအပို ထွက်လာ မလားလို့ ရှာတာ လုပ်ရင်းက သွားတွေ့တာ တပိုင်းပေါ့။ နောက်တခုက ၀န်ထမ်းတွေကို လစာတိုးပေးနိုင်ဖို့ ဘတ်ဂျက်ထဲမှာ ငွေ ဘယ်လောက် ပိုနိုင်မလဲ ဆိုတာကို ရှာလို့ရအောင် ပြည်သူ့ လွှတ်တော် ထဲမှာ ရှိတဲ့ ကော်မတီ ၁၉ခုကို ၀န်ကြီးဌာန အလိုက် ပြည်ထောင်စုအဆင့် ဌာနတွေရဲ့ ဘတ်ဂျက်တွေကို စစ်ဖို့ တာဝန်ခွဲဝေ ပေးလိုက်တဲ့ အခါမှာ ပိုပေါ်သွားတာ။ ကော်မတီတွေကျတော့ ၀န်ကြီးဌာနတွေကို တိုက်ရိုက်ခေါ်ပြီး ဆွေးနွေးတယ်လေ။”
စာရင်းစစ်ရုံးဟာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ)ခေတ် ကတည်းက လုပ်ငန်း စစ်ဆေးရေး အဖွဲ့ဆိုတဲ့ အမည်ဖြင့် သြဇာရှိခဲ့တဲ့ အဖွဲ့ဖြစ်ခဲ့ပြီး အခုခေတ် နောက်ပိုင်းမှာ စီမံကိန်းနဲ့ စီးပွားဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန လက်အောက်မှာ ထည့်သွင်းထားပြီး ၀န်ကြီးဌာနတွေမှာ စာရင်းစစ်အဖွဲ့တွေ ထားရှိ ထားပါတယ်။

ယခင် မဆလအစိုးရ နဲ့ န၀တ၊ နအဖအစိုးရ လက်ထက်တုန်းက ၀န်ကြီးအဖွဲ့ကို တင်ပြရတဲ့ တာဝန်ရှိပြီး၊ အရင်က ၀န်ကြီးအဖွဲ့အတွင်းမှာပဲ စာရင်း ညှိနှိုင်းလေ့ ရှိပါတယ်။ အခု ပြည်သူ့လွှတ်တော် ပေါ်ပေါက်လာတဲ့အခါ လွှတ်တော်ကို တင်ပြလာတာ ဖြစ်ပါတယ်။

အခု ဖော်ထုတ် တွေ့ရှိချက်တွေမှာ ကျပ် ငွေ သိန်းပေါင်း ၂ ထောင်ကျော် စာရင်း မသွင်းပဲ ထားတာတွေရယ်၊ စာရင်း လိမ်ပြတာတွေကို ဖော်ထုတ် တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ အခုလို လွှတ်တော်မှာ တင်ပြလာတဲ့အတွက် ၀န်ကြီးဌာနတွေရဲ့ ငွေယိုပေါက်တွေကို ဖာထေးနိုင်မယ် လို့ မျှော်လင့်ရပြီး ပြည်သူ့ဘဏ္ဍာ ငွေထဲကို ကျပ် ငွေ သိန်းထောင်ပေါင်း များစွာ ပြန်လည် ၀င်လာမယ့် အလားအလာရှိပါတယ်။

ပြည်ထောင် စာရင်းစစ်ရုံးရဲ့ ပထမတကြိမ် တင်ပြခဲ့တုန်းကလည်း ကန်ချောင်း ဆည် မြောင်း တာတမံ တွေရဲ့ လုပ်ငန်း ဆောင်တာနဲ့ ပတ်သက်လို့  တွေ့ရှိချက် ဆိုပြီး လွှတ်တော်ကို တင်ပြခဲ့ပါတယ်။ အဲဒီတုန်းက မြစ်ရေတင်စီမံကိန်းတွေ မအောင်မမြင် ဖြစ်ရပြီး အရှုံးပေါ်တာတွေကို တင်ပြခဲ့တာကြောင့် လွှတ်တော်ကနေ အရှုံးပေါ်တဲ့ စီမံကိန်းတွေ အကုန်လုံး နီးပါးကို ရပ်နားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013