ထိုင်းနိုင်ငံ လမ်းဆုံလမ်းခွတခုပေါ်မှာ ဖြစ်ခဲ့တဲ့ အငှားယာဉ်မောင်း ၂ ဦးကြားမှ ထိတ်လန့်စရာကောင်းတဲ့ ရန်ပွဲရုပ်သံ ဗွီဒီယိုဖိုင်ဟာ အင်တာနက်စာမျက်နှာတွေပေါ်မှာ နာမည်ကြီး လူပြောများနေပါတယ်။
ဒီအဖြစ်အပျက် ရုပ်သံဗွီဒီယိုဖိုင်ကို အမ်ပွိုင်ပွိုင်အမည်နဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူ အမျိုးသမီးတဦးက ဖေ့စ်ဘွတ်ခ်ကတဆင့် သြဂုတ် ၂၁ ရက် ညပိုင်းမှာ မျှဝေခဲ့တာပါ။
သူဟာ အငှားယာဉ်ပေါ်ပါ ခရီးသည်တဦးဖြစ်ကာ ဆီယမ်ဒေသကနေ ဟိုတယ်တခုဆီသွားဖို့ အငှားယာဉ်နဲ့ လာခဲ့တာဖြစ်ပြီး လမ်းဆုံလမ်းခွတခုအရောက်မှာ တဘက်က မောင်းနှင်လာတဲ့ ပန်းရောင်အငှားယာဉ်တစီးက ယာဉ်ကို ရှပ်ပြီး တိုက်မိခဲ့တာပါ။
မပြောပလောက်တဲ့ အသေးစားထိခိုက်မှုဖြစ်ပေမယ့် တဘက်ယာဉ်မောင်းက မတောင်းပန်ခဲ့တဲ့အတွက် အဲဒီနေရာမှာတင် ပြီးမသွားခဲ့ဘဲ ယာဉ်မောင်း ၂ ဦးဟာ အချင်းချင်း စကားများခဲ့ပြီးနောက်မှာတော့ တိုက်ခိုက်ခဲ့ကြပါတယ်။
ယာဉ်မောင်း ၂ ဦးဟာ လမ်းမပေါ်မှာ သဲကြီးမဲကြီး ထိုးနှက်တိုက်ခိုက်နေကြတဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ တကယ့်ကို စိတ်ပျက်စရာကောင်းတဲ့ အခြေအနေတခုဖြစ်ခဲ့ပြီး သူတို့ကို ဘယ်သူကမှလည်း မဖျန်ဖြေခဲ့ကြဘူးလို့ ဆိုပါတယ်။
အဲဒီနောက်တော့ ကားပေါ်ပါ ခရီးသည်အမျိုးသမီးက ခရီးဆက်လက်ထွက်ခွာဖို့ လာပြောချိန်မှာမှ ရန်ပွဲပြီးဆုံးသွားခဲ့တာပါ။
ဒီရုပ်သံဗွီဒီယိုဖိုင်ကို ဖေ့စ်ဘွတ်ခ်မှာ မျှဝေပြီးနောက် ကြည့်ရှုတဲ့အကြိမ်ရေ ၂ ဒသမ ၄ သန်းကျော်ရှိခဲ့ပြီး ခုလို ရှက်စရာကောင်းတဲ့ အပြုအမူအတွက် ဒေါသတကြီး ဝေဖန်နေကြတာ ဖြစ်ပါတယ်။
အင်တာနက်အသုံးပြုသူတွေက လမ်းမပေါ်မှာ ခုလို ရိုင်းရိုင်းစိုင်းစိုင်း ပြုမူခဲ့ကြတဲ့ အဲဒီ အငှားယာဉ်မောင်း ၂ ဦးကို ပြင်းပြင်းထန်ထန် အရေးယူသင့်တယ်လို့ ပြောနေကြပြီး အလုပ်ချိန်မှာ ဘောင်းဘီတိုနဲ့ ခြေညှပ်ဖိနပ်စီးထားတဲ့ ယာဉ်မောင်းကိုလည်း အရေးယူသင့်တယ်လို့ ပြောနေကြပါတယ်။