ကျွန်းလှမြို့နယ်ရှိ တရားမ၀င်ရွှေမျောတူးစက်များကို အင်အားသုံး ဖျက်ဆီး
Aung Ko Latt
·
August 22, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း တရားမဝင် ရွှေမျော တူးဖော်နေသူတွေရဲ့ စက်တွေနဲ့ လူနေတဲတွေကို ဌာနဆိုင်ရာ အဖွဲ့စုံ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က လူအင်အား ၁၀၀ ကျော်နဲ့ဝင်ရောက်ဖျက်ဆီးခဲ့ပါတယ်။
ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး တရားမဝင် ရွှေမျောဖယ်ရှားရေးတွေကို ဝန်ကြီးချုပ်ရဲ့ အမိန့်အရ ဆိုပြီး ဩဂုတ် ၁၈ ရက်နေ့က လုပ်ဆောင်ခဲ့တာပါ။
ရွှေမှော်မှာ ကုန်စိမ်းရောင်းနေတဲ့ကိုမောင်ဟန်က “တကယ့် မင်းမဲ့စရိုက်ဆန်ဆန်ပါ။ ကြိုတင်အကြောင်းကြားတာလည်း မရှိဘူး။ ဒီနယ်မှာက ရေနံ တူးရင်တူး၊ ရွှေလုပ်ရင် လုပ် ဒါပဲ လုပ်စရာရှိတာ။ လယ်ယာမြေတွေကလည်း သဖန်းဆိပ်ဆည်ကြောင့် မရှိကြတော့ဘူး။ အစားပြန်မရတဲ့သူတွေ အများကြီး။ ဒီစေတီကုန်း ချောင်းမဝန်းကျင်မှာက မျောပေါင်း ၂၅၊ ၃၀ လောက် ရှိတယ်။ စက်တွေ မီးရှို့တယ်။ ဆက်စပ်ပစ္စည်းတွေလည်း စုပုံပြီး မီးရှို့ရိုက်ခွဲ ဖျက်ဆီးတယ်။ တဲတွေကို ခြေရင်းကနေ ချိန်းဆောနဲ့ ဖြတ်လှဲတယ်။ လူတွေတော့ မဖမ်းဘူး။ လူတွေက ကြောက်လို့ ထွက်ပြေးကြတော့ မရှိကြဘူး"လို့ သူမြင်တွေ့ခဲ့ရတာကို ဒီဗွီဘီကို ပြောပါတယ်။
လွှတ်တိုက်ရွာဟောင်း စေတီကုန်း ချောင်းမနယ်မြေက ကျွန်းလှမြို့နဲ့ ၁၆ မိုင်ခန့် ဝေးကွာပါတယ်။ မိုင် ၃၀ ခန့် ဝေးကွာတဲ့ နေရာက ရွှေမျောတွေကိုတော့ ကိုယ်တိုင် သိမ်းဆည်းကြဖို့ မှာကြားခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒီရွှေမှော်မှာ နေကြတာက အနည်းဆုံး ၁၇ နှစ်လောက်ရှိပြီဖြစ်ပြီး စုစုပေါင်း လူ ၃၀၀ ဝန်းကျင်လောက် ရှိတယ်လို့ သိရပါတယ်။
အခုလ ၁၆ ရက်နေ့ ရက်စွဲနဲ့ လယ်ဆည်ဝန်ကြီး ထုတ်ပြန်ထားတဲ့စာမှာတော့ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ရေလှောင်တမံအနီး တရားမဝင်ရွှေတူးဖော်မှုကို ထိထိရောက်ရောက် ဖမ်းဆီး အရေးယူဆောင်ရွက်ဖို့၊ တရားမဝင် ရွှေတူးဖော်ရာမှာသုံးတဲ့ ဆက်စပ်ပစ္စည်းတွေ၊ လူနေတဲတွေကို နောက်တကြိမ် ပြန်သုံးလို့မရအောင် သင့်တော်သလို ဆောင်ရွက်ဖို့နဲ့ ရွှေအင်စာကန်က (ရွှေ+မြေ+သဲ) ရောရာ မြေတွေကို သိမ်းဆည်းသယ်ဆောင်ပြီး ကန်ကို ဖျက်ဆီးဖို့ ပါရှိပါတယ်။
သဖန်းဆိပ်ဆည်အတွင်းကို နုန်းမြေပို့ချမှာစိုးလို့ တရားမဝင် ရွှေမှော်တွေ ပိတ်တယ်ဆိုပေမယ့် ဥပဒေနဲ့အညီသာ လုပ်ဆောင်စေချင်တယ်လို့ ဒေသခံတွေကတော့ ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဖြိုးကို ဒီဗွီဘီက မေးမြန်းရာမှာတော့ “ကျနော်တို့က လွှတ်တော်တက်နေတာ။ အသေးစိတ် ဘာမှ မသိရသေးဘူး။ သတင်းတွေတော့ ကြားတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ မရှိတုန်း ဖြစ်သွားတာ”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။