Home
မြန်မာသတင်း
ပဒိုမန်း​ငြိမ်း​မောင်ကို တသက်တကျွန်းချမှတ်
အေးနိုင်
·
March 13, 2012
နိုင်ငံတော်ပုန်ကန်မှုနဲ့ တရားစွဲခံရသူ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ ခေါင်းဆောင် ပဒိုမန်းငြိမ်းမောင်ကို ထောင်ဒဏ် တသက်တကျွန်း ပြစ်ဒဏ် ကျခံစေဖို့ အင်းစိန် ထောင်တွင်း တရားရုံးက ဒီနေ့ စီရင်ချက် ချမှတ်လိုက်ပါတယ်။ [caption id="attachment_14974" align="alignleft" width="300" caption="ပဒို မန်းငြိမ်းမောင်"][/caption] ဒီနေ့ အင်းစိန်ထောင်တွင်းမှာ ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးက ခရိုင် တရားသူကြီး ဦးလှဝင်း ရုံးထိုင်ပြီး အမှုစီရင်ခဲ့တာလို့ ပဒိုမန်းငြိမ်းမောင်ရဲ့ ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။ “ဘယ်လိုအမိန့်ချလည်းဆိုတော့ ၁၇/၁ နဲ့ ထောင် ၃နှစ်၊ အမြင့်ဆုံးပဲ။ နောက်တခါ ၁၂၂/၁ နဲ့ အနိမ့်ဆုံးပေါ့၊ တသက်တကျွန်း အဲဒါ ချတယ်။ ပြီးတော့ ပြစ်ဒဏ် ၂ ရပ်စလုံးအတွက် ၂မှုကို ပေါင်းပြီးတော့ ပြစ်ဒဏ်ကျခံစေလို့ ဆိုတော့ ၃ နှစ်က မရှိတော့ဘဲနဲ့၊ တစ်သက်တကျွန်း ဆိုတော့ အနှစ် ၂၀ ပေါ့။ ချုပ်ရက်ကို ထုတ်နှုတ်စေ၊ ဆိုပြီးတော့ အဲဒီလို အမိန့်ချတယ်။ ကျနော်တို့က မကျေနပ်ဘူးဆိုရင် ရက် ၆၀ အတွင်းကို အယူခံဝင်ပေါ့။ ဒေသလွှတ်တော် တရားရုံးမှာ အယူခံဝင်လို့ရတယ်။” ပဒိုမန်းငြိမ်းမောင်ဟာ ထိုင်းနိုင်ငံကနေ တရုတ်နိုင်ငံကိုအသွား ထိုင်းကို ပြန်ဝင်ဖို့ ဗီဇာ အခက်အခဲတွေ့ရာကနေ မြန်မာပြည် ပြန်ပို့ခံရပြီး အင်းစိန်ထောင်မှာ ချုပ်နှောင် တရားစွဲခံရတာပါ။ သူ့ကို နိုင်ငံတော် ပုန်ကန်မှု၊ တရားမ၀င် အသင်းအဖွဲ့တွေနဲ့  ဆက်သွယ်မှု စတဲ့ အမှုတွေနဲ့ စီရင်ထားတာပါ။ ပဒိုမန်းငြိမ်းမောင်ဟာ မိခင်အဖွဲ့အစည်းအဖြစ်တဲ့ ကေအန်ယူနဲ့ အစိုးရအကြား အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေးအတွက် ထောင်ထဲကနေ အကြံပေး ကြားဝင် ဆောင်ရွက်ခဲ့သူ ဖြစ်ပြီး  သူ့ကို ဖမ်းဆီးမိအပြီးမှာ  အစိုးရနဲ့ ကေအန်ယူအကြား နှစ်ပေါင်း ၆၀ ကျော် ကြာ တိုက်ပွဲကို အပစ်အခတ် ရပ်ထားဖို့ ပဏာမ သဘောတူညီချက် ရခဲ့ပါတယ်။ ဒီဖြစ်ထွန်းမှုတွေကြောင့် ကနဦးပိုင်းက အစိုးရ ပြည်ထောင်စုဝန်ကြီး တဦးက ပဒိုမန်းငြိမ်းမောင်ကို ပြန်လည် လွတ်မြောက်မှာပါလို့ ထုတ်ပြောထားဖူးပါတယ်။ ပဒိုမန်းငြိမ်းမောင်ကို လက်ရှိကာလ အစိုးရက ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ ကာလ အခြေအနေအရပါ လွှတ်ပေးသင့် ပါတယ်လို့  သူ့ရဲ့ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။ “ကျနော်တို့ဘက်က တင်ထားတာတော့ လွှတ်ပေးဖို့ပေါ့။ လွှတ်ပေးနိုင်တဲ့  အချက်အလက်တွေ ရှိတယ်။ ဘာလို့လည်းဆိုတော့ ၁ အချက် တရားစွဲဆိုမှု မှားတယ်။ တရားစွဲဆို ခွင့်ပြုမိန့်တွေကလည်း လိုအပ်နေတယ်။ နောက်တခါ ဖြစ်ရပ် တခုတည်းပေါ်မှာ အမှု ၂ မှု စွဲလို့မရဘူး။ စွဲမယ်ဆိုရင်လည်း နောက် တမှုကို အပြစ်မပေးရဘူး။ ဒါက ဥပဒေတွေပဲ၊ ဒါကြောင့် ဥပဒေအရ လွှတ်ပေးသင့်တဲ့ အကြောင်းပါ။ နောက် အကြောင်းချင်းရာအရ လွှတ်ပေးသင့်တဲ့ အကြောင်းတွေကတော့ အခုလို ကေအန်ယူ အဖွဲ့အစည်းကလည်း ပဏာမ လက်မှတ် ရေးထိုးထားတယ်။ သေနတ်ကိုင် ထားတယ်။ ကေအန်ယူ အဖွဲ့ကြီးက ခွဲထွက်သွားတဲ့ အဖွဲ့ ၅ ဖွဲ့ လောက်ကလည်း ငြိမ်းချမ်းရေး လက်မှတ် ထိုးထားတယ်။ သေနတ်ကိုင်ထားတယ်။ အဲဒီတော့ အဖွဲ့အစည်းတွေက အတူတူပဲ။ အဲဒီလို အတူတူမှာ ကေအန်ယူအဖွဲ့က လူကြီး တယောက်ကို ဒီလိုကွက်ပြီး အပြစ်ပေးတယ်ဆိုရင် တရားမျှတမှု ရှိမှာမဟုတ်ဘူး။ နောက် ပဒိုမန်းငြိမ်းမောင်ကို ငြိမ်းချမ်းရေးအတွက် ကူညီပါဆိုလို့ တတ်နိုင်သမျှ သူ ကူညီခဲ့တယ်။ အကြံဥာဏ်တွေ ပေးခဲ့တယ်။ အဲဒီ အပေါ်မှာ တရားမစွဲပါဘူးလို့ ပြောပြီးမှ အခုလို တရားစွဲခဲ့တယ်။ အဲဒါကလည်း  အခုလို ငြိမ်းချမ်းရေး ယူနေတဲ့ ကာလမှာ ဒီလို မဖြစ်သင့်ဘူး။ ဒါကြောင့် ဒီအချက်အလက်တွေအရ လွှတ်ပေးသင့်တယ် ဆိုပြီး ဥပဒေအရ၊ အကြောင်းချင်းရာ အရကော ဒီလိုတော့ ပြောထားတာပေါ့။ အမှန်ကတော့ လွှတ်ပေးသင့်တဲ့ အမှုပေါ့။” ပဒိုမန်းငြိမ်းမောင်အနေနဲ့ အမှုကို အယူခံတင်ဖို့ ဆန္ဒ ရှိ၊ မရှိကို မေးမြန်းပြီး ဆန္ဒ ရှိတယ် ဆိုရင် အယူခံတင်ရေး ဆက်လက် ဆောင်ရွက်မယ်လို့ ရှေ့နေ ဦးကြီးမြင့်က ဆက်ပြောပါတယ်။ ကေအန်ယူ ထိပ်တန်းခေါင်းဆောင် တဦးဖြစ်တဲ့ ပဒိုဒေးဗစ်ထောကတော့ ပဒိုမန်းငြိမ်းမောင် အမှုမှာ ဆက်လက်ပြီး အယူခံနိုင်တာ၊ သမ္မတထံ အသနားခံစာ တင်နိုင်တာမျိုးတွေ ဥပဒေကြောင်းအရ ဆက် ရှိနိုင်သလို ကေအန်ယူအနေနဲ့လည်း ပဒိုမန်းငြိမ်းမောင်ကို ပြန်လွှတ်ပေးဖို့ ဆက်လက် တောင်းဆိုသွားမှာ ဖြစ်လို့ ပြန်လည် လွတ်မြောက်မယ်လို့ ယုံကြည်တဲ့အကြောင်း  ပြောပါတယ်။ ပဒိုမန်းငြိမ်းမောင်ဟာ ကေအန်ယူ ဗဟို ကော်မတီဝင် တဦးဖြစ်သလို တိုင်းရင်းသား လက်နက်ကိုင်တွေ စုဖွဲ့ထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီရဲ့ ခေါင်းဆောင် တဦးလည်း ဖြစ်ပါတယ်။ ပဒိုမန်းငြိမ်းမောင်ဟာ အသက် ၇၀ ၀န်းကျင်ခန့် ရှိပြီ ဖြစ်ပြီး  ပျိုရွယ်စဉ်တုန်းကလည်း နိုင်ငံရေး လှုပ်ရှားမှုတွေကြောင့် ကိုကိုးကျွန်းမှာ ထောင်ဒဏ် တသက်တကျွန်း ကျခံခဲ့ရဖူးပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024