ဧရာဝတီလင်းပိုင် အရိုးစုတွေနဲ့ မှတ်တမ်းဓာတ်ပုံတွေကို မန္တလေးမြို့ ၂၆ လမ်း မင်းကွန်းဆိပ်ကမ်းမှာ ငါးလုပ်ငန်းဦးစီးထားဌာန သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) က သင်္ဘောနဲ့ ခင်းကျင်းပြသထားပါတယ်။
ငါးလုပ်ငန်းဦးစီးဌာန ဒု-ဦးစီးမှူးက “ဧရာဝတီလင်းပိုင် အရိုးစုများ ဆေးစိမ်ထားသော (၁၀) လသားအရွယ်လင်းပိုင်နှင့် ဧရာဝတီ လင်းပိုင်မှတ်တမ်းများကို သြဂုတ်လ ၂၀ ရက်နေ့က မန္တလေးမြို့ ၂၆ လမ်း မင်းကွန်းဆိပ်ကမ်းမှာ ဆိုက်ကပ်ရပ်နားထားပြီး မှတ်တမ်းဓာတ်ပုံတွေကို သားငှက်ထိန်းသိမ်းရေးအဖွဲ့မှ ပူးပေါင်းဆောင်ရွက်ပြီး ခင်းကျင်းပြသထားပါတယ်။ မန္တလေးမှ ဗန်းမော်အထိ ဧရာဝတီလင်းပိုင် ကောင်ရေ ၆၉ ကောင်ရှိတယ်” လို့ ပြောပါတယ်။
ဧရာဝတီလင်းပိုင်ရှိတဲ့နေရာတွေကို သွားရောက်ပြီး စစ်တမ်းကောက်ယူမှုတွေကို ၁ နှစ်ကို ၂ ကြိမ်ပြုလုပ်ခဲ့ပြီး ဧရာဝတီမြစ်ကမ်းတစ်လျှောက် ငါးဖမ်းသူတွေနဲ့ ဘတ္ထရီဝါယာရှော့တိုက်ပြီး ငါးဖမ်းသူတွေကို တလကို ၂ ကြိမ် အသိပညာပေးမှုတွေကိုလည်း ပြုလုပ်ဆောင်ရွက်တာရှိပြီး အရင်နှစ်က လင်းပိုင်တစ်ကောင် မင်းကွန်းဘက်ခြမ်းမှာ သေဆုံးမှုဖြစ်ပွားခဲ့တဲ့အပေါ် လင်းပိုင်ရဲ့ ဗိုက်ထဲမှာ ၁၀ လသားအရွယ်ရှိတဲ့ လင်းပိုင်တကောင်ပါရှိခဲ့တယ်လို့ သိရပါတယ်။
ဧရာဝတီလင်းပိုင် သမိုင်းမှတ်တမ်းအထောက်အထားအရ ဗိဿနိုးမြို့ဟောင်း-အေဒီ (၁) ရာစုမှ ၅ ရာစုမှ တွေ့ရှိတဲ့ လင်းပိုင်ရုပ်တုပါ မြေးအိုးနဲ့ ဧရာတီလင်းပိုင်တို့ရဲ့ လှုပ်ရှားသွားလာမှုသဘာဝများ ရှိခဲ့တယ်လို့ သိရပါတယ်။
ဧရာဝတီလင်းပိုင်များကို လေ့လာသိရှိဖို့အတွက် မန္တလေးဆိပ်ကမ်းမှာ သင်္ဘောဆိုက်ကပ်ထားပြီး နိုင်ငံခြားခရီးသွားသူတွေနဲ့ ပြည်သူတွေ၊ ကျောင်းသူကျောင်းသားတွေ၊ မှတ်တမ်းမှတ်ယူတာတွေ လေ့လာဖို့သိရှိဖို့ ဆောင်ရွက်ပြသထားတယ်လို့ ငါးလုပ်ငန်းဦးစီးဌာန ဒု-ဦးစီးမှူးက ပြောပါတယ်။
သတင်း၊ ဓာတ်ပုံ – အောင်အောင်