နိုင်ငံတ၀န်း A(H1N1) ရောဂါပိုးတွေ့လူနာ ၆ ဦး ထပ်တိုးလာ
DVB
·
August 20, 2017
A(H1N1) ရောဂါကြောင့် တနိုင်ငံလုံးအတိုင်းအတာအရ ရောဂါးပိုးတွေ့လူနာ ၆ ယောက် ထပ်တိုးလာပါတယ်။
သြဂုတ် ၁၉ ရက်နေ့မွန်းလွဲပိုင်းအထိ သံသယလူနာ ၂၆ယောက်ကို ဓါတ်ခွဲစမ်းသပ်ရာမှာ H1N1 ပိုးတွေ့လူနာ ၆ ယောက် ထပ်မံ တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် တနိုင်ငံလုံး အတိုင်းအတာအရ လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါနဲ့ ဆေးရုံ တက်ရောက်ကုသသူ ၇၇၃ ယောက် ရှိပြီး အဲဒီထဲကနေ ရာသီတုပ်ကွေး A (H1N1) ပိုးတွေ့ လူနာစုစုပေါင်း ၂၈၈ ယောက်ရှိခဲ့ပြီး သေဆုံးသူကတော့ ၂၉ ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မြောက်ဥက္ကလာ အထူးကုဆေးရုံကြီး (ဝေဘာဂီ) မှာ A (H1N1) ပိုးတွေ့ အတွင်းလူနာ ၃ ယောက်နဲ့ တခြားတိုင်းဒေသကြီး/ ပြည်နယ်ဆေးရုံကြီးတွေမှာ A (H1N1) ပိုးတွေ့ အတွင်းလူနာ ၃၀၊ စုစုပေါင်း ၃၃ ယောက် ရှိနေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
လတ်တလော ပြင်းထန် အသက်ရှုလမ်းကြောင်း ရောဂါနဲ့ ဆေးရုံတက် ကုသနေသူတွေထဲမှာ H1N1 ပိုးတွေ့ လူနာတွေသာမက ပိုးမတွေ့ လူနာတွေကိုလည်း လတ်တလော ပြင်းထန်အသက်ရှုလမ်းကြောင်းရောဂါ ကုသရေး လမ်းညွှန်အတိုင်း ထိရောက်တဲ့ ကုသမှုတွေရရှိဖို့ အထူးအလေးပေး ဆောင်ရွက်နေတယ်လို့ ကျန်မားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။