DVB Logo
Home
မြန်မာသတင်း
အမေရိကန်နဲ့ မြန်မာ အလုပ်သမားရေးရာအဖွဲ့နဲ့ တွေ့ဆုံ
DVB
·
March 12, 2012
Donate to DVB

အမေရိကန် အလုပ်သမားရေးရာဌာန တာဝန်ရှိသူတချို့ ဟာ မတ် ၁၂ ရက်နေ့ ရန်ကုန်မြို့မှာ အလုပ်သမား အဖွဲ့အစည်း တချို့နဲ့ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံက အလုပ်သမား ဥပဒေနဲ့ အလုပ်သမားရေးရာတွေနဲ့ပတ်သက်ပြီးတွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်လုံးဆိုင်ရာ အလုပ်သမားသွေးစည်းညီညွတ်ရေး အဖွဲ့ချုပ်နဲ့ အက်ရှင်လေဘာ အဖွဲ့ဝင်တွေဟာ မြန်မာနိုင်ငံကို ရောက်နေတဲ့ အမေရိကန် အရာရှိတွေကို ရန်ကုန်မြို့က အမေရိကန် သံတမန်တဦး နေအိမ်မှာ တွေ့ဆုံခဲ့တာပါ။

ဒီတွေ့ဆုံမှုမှာ အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒယ်နီရယ်ဘား၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အထူးကိုယ်စားလှယ် မစ္စဘာဘယ်ရှယ်လာ အပါအ၀င် အမေရိကန်အရာရှိ ၅ ဦး ပါဝင်ပါတယ်။ ဒီတွေ့ဆုံမှုမှာ အမေရိကန်ဘက်က ပြောဆိုခဲ့တာတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်လုံးဆိုင်ရာ အလုပ်သမား သွေးစည်းညီညွတ်ရေး အဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ညွန့်က “မြန်မာပြည်နဲ့ပတ်သက်လို့ ၂ ချက်ပါတယ်။ ၁ ချက်က ပြောင်းလဲတယ်ဆိုတာ ဘယ်အခြေအနေကို ရောက်နေပြီးလဲ ဆိုတာကို လေ့လာဖို့ သူတို့ရောက်လာတယ်။ အဓိကက ပြန်ပြီးတော့ တင်ပြဖို့ပါ။ ၂ အချက်က အလုပ်သမားကိစ္စနဲ့ ပတ်သက်လို့ သူတို့တွေ အနီးကပ်ကို သေသေချာချာ စူးစိုက်နေတယ်၊ ဆောင်ရွက်နေတယ်။ ဒါတွေက ရပ်တန့်သွားမှာ မဟုတ်ဘူး။ လိုအပ်တာတွေ ကူညီဆောင်ရွက်သွားမယ် ဆိုတာကို ပြောပါတယ်။ နောက်ဆုံးအနေနဲ့ သူထောက်ပြတာက အလုပ်သမား ဥပဒေ စတင် ပေါ်ပေါက်တဲ့ ဒုတိယရက်မှာပဲ ရောက်လာတဲ့အတွက် အင်မတန်မှ ထူးခြားတယ်။ အဲဒီဟာမှာ မူတည်ပြီး ပေါ်ပေါက်တဲ့ အလုပ်သမား ဥပဒေနဲ့ ဖြစ်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးလိုတယ်လို့ ပြောသွားတယ်။”

ဒါ့ပြင် မြန်မာပြည်တွင်း အလုပ်သမားဥပဒေ ပေါ်ပေါက်မှုနဲ့ ပတ်သက်ပြီးလည်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြတယ်လို့ ဦးဇော်ညွန့်က ဆက်ပြောပါတယ်။

“အလုပ်သမား ဥပဒေပေါ်ပေါက်လာမှုနဲ့ ပတ်သက်လို့ ရှေ့မှာ ဘယ်လို သွားကြမလဲ ဆိုတာကို ဆွေးနွေးမယ် ဆိုပြီးတော့ သူတို့ရဲ့ အဓိက တင်ပြချက်ပါ။ နောက်ပိုင်း ဆွေးနွေးမှု အနေနဲ့ ကျနော်တို့ အလုပ်သမားတွေ ဒုက္ခရောက် ခံစားနေရတာတွေ၊ မတရားတဲ့ အခြေခံလစာနဲ့ ပတ်သက်လို့။

ဥပမာ - အိမ်နီးချင်း အာဆီယံ နိုင်ငံတွေမှာတောင် အလုပ်သမားတွေ အခွင့်အရေးအတွက် မရှိမဖြစ် အခြေခံလစာ၊ အနိမ့်ဆုံးလစာ သတ်မှတ်ချက် ရှိနေတယ်။ ကျနော်တို့ နိုင်ငံမှာ အဲဒီဟာတောင် မရှိဘူး။ သူတို့ဆီမှာ ဒေါ်လာ ၄၅၀ လောက် ရှိနေတဲ့အချိန်မှာ ကျနော်တို့ အလုပ်သမားထု ခံစားရတဲ့ အနိမ့်ဆုံး အခြေခံလစာက ၄၀ ဒေါ်လာတောင် မပြည့်ဘူး။ သတ်မှတ်ချက် ၄၅၀မှာ ကျနော်တို့ရတာ ၄၀ဆိုတော့ အစွန်းထွက်တောင် မရှိပါဘူး။ အဲဒီအခြေအနေနဲ့ အလုပ်သမားတွေ ခံစား ဒုက္ခ ရောက်နေတဲ့ ကိစ္စ အ၀၀ကို တင်ပြ ဆွေးနွေးကြပါတယ်။”

အမေရိကန် အလုပ်သမားရေးရာဌာန တာဝန်ရှိတွေအနေနဲ့ မြန်မာနိုင်ငံ အလုပ်သမား အဖွဲ့တွေ ပထမဆုံး တွေ့ဆုံတာ ဖြစ်ပါတယ်။ အမေရိကန်အလုပ်သမားအရာရှိတွေ မရောက်ရှိခင် ရက်ပိုင်းအတွင်းမှာပဲ မြန်မာသမ္မတ ဦးသိန်းစိန်က အလုပ်သမားဥပဒေကို ထုတ်ပြန် ကြေညာခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013