ဘာစီလိုနာတွင် ကားဖြင့်ဝင်ကျုံးတိုက်ခိုက်မှု ကုလနှင့်ဥရောပသမဂ္ဂတို့ ရှုတ်ချ

စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ လူအုပ်ကို ကားနဲ့ဝင်ကျုံး တိုက်ခိုက်မှုကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီနဲ့ ဥရောပသမဂ္ဂတို့က သြဂုတ် ၁၈ ရက်နေ့က ဝေဖန် ရှုတ်ချလိုက်ပါတယ်။ လူအုပ်ကို ကားနဲ့ တိုက်ခဲ့လို့ လူ ၁၃ ယောက် သေဆုံးပြီး ကလေးတွေ အပါအဝင် အယောက် ၁၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရသူတွေတချို့ အသည်းအသန် ဖြစ်နေလို့ သေဆုံးသူ အရေအတွက် ပိုတိုးလာနိုင်တယ်လို့ စပိန်အာဏာပိုင်တွေက ပြောပါတယ်။ ထိခိုက် သေဆုံးသူတွေအတွက် တိတ်ဆိတ်ငြိမ်သက်ခြင်း အခမ်းအနားကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ကျင်းပခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကို အစ္စလာမ္မစ်နိုင်ငံအမည်ခံ အိုင်အက်စ်စစ်သွေးကြွတွေက သူတို့ လုပ်ရပ်အဖြစ် တာဝန်ခံ ကြေညာခဲ့တာပါ။ စပိန်ရဲ့ နွေရာသီမှာ ကမ္ဘာလှည့်ခရီးသည်တွေကြား အကျော်ကြားဆုံး ရိပ်သာလမ်းရဲ့ လူစည်ကားချိန်မှာ တိုက်ခိုက်ခဲ့တာလို့ အိုင်အက်စ်တွေက ပြောပါတယ်။ ဒီလုပ်ရပ်ဟာ သူရဲဘော ကြောင်ပြီး ခွင့်မလွှတ်နိုင်တဲ့ လုပ်ရပ် အဖြစ် ဥရောပ သမဂ္ဂက ပြောပါတယ်။ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့က ဥရောပသမဂ္ဂရဲ့ ဌာနချုပ်မှာ ၁ မိနစ် ငြိမ်သက် ဝမ်းနည်းခြင်း အခမ်းအနားကို ကျင်းပပြီး အဆောက်အဦရဲ့ အပြင်ဘက်မှာလည်း ဥရောပ အလံကို တိုင်ဝက် လွှင့်ထူခဲ့ပါတယ်။ ဝင်တိုက်တဲ့ ကားမောင်းသူကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက လိုက်ရှာနေဆဲပါ။ ရဲတွေကတော့ ဘာစီလိုနာကမ်းရိုးတန်း တောင်ပိုင်း ၇၅ မိုင်အကွာက ကမ်ဘရေးစ်မြို့မှာ သီးခြားတိုက်ခိုက်မှု အတွက် သံသယရှိသူ ငါးယောက်ကို အသေပစ်ဖမ်းခဲ့တယ်လို့ ပြောပါတယ်။ တိုက်ခိုက်မှု ၂ ရပ်အတွင်း လူအယောက် ၁၃၀ ဒဏ်ရာရပြီး ၁၇ ယောက်က အသည်းအသန် အခြေအနေမှာ ရှိနေတယ်၊ အယောက် ၃၀ က ဒဏ်ရာပြင်းထန်တယ်လို့ အရေးပေါ်ဌာန ပြောခွင့်ရက ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up