၃ နှစ်အရွယ် မိန်းကလေးအား မဖွယ်မရာ ပြုလုပ်သူကို ဖမ်းဆီး
DVB
·
August 19, 2017
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ရေအေးမြောင်ကျေးရွာမှာ သြဂုတ် ၁၈ ရက်ညနေ ၆ နာရီလောက်က ၃ နှစ်အရွယ်မိန်းကလေးငယ်ကို မဖွယ်မရာပြုလုပ်သူ လူငယ်တဦးကို ဖမ်းဆီးစစ်ဆေးထားရှိတယ်လို့ မြို့မစခန်းမှူးက ပြောပါတယ်။
ရေအေးမြောင်ကျေးရွာနေ မိခင်ဖြစ်သူက ၃ နှစ်အရွယ်သမီးကို အိမ်အနောက်ဘက်ရှိ တောင်ကျရေမြောင်းထဲမှာ ရေချိုးပေးပြီး အိမ်အနောက်ဘက်အခန်းမှာ သမီးဖြစ်သူအားထားခဲ့ပြီး ရေသွားပြန်ချိုးခဲ့တယ်လို့ ဆိုပါတယ်။
ဒီနောက် နေအိမ်ကိုပြန်လာရာ နေအိမ်အပေါ်ထက် အိမ်ရှင်ရဲ့ သားဖြစ်သူ အောင်ဇင်ဖြိုး ၁၇ နှစ်ဆိုသူက သမီးဖြစ်သူကို ပွေ့ချီထားတာ တွေ့ရပြီး သမီးဖြစ်သူမှာလည်း ငိုယိုနေလို့ မေးကြည့်ရာ မိန်းမအင်္ဂါနာတယ်၊ အောင်ဇင်ဖြိုးလုပ်တာလို့ ပြောတာကြောင့် ရာအိမ်မှူးတွေနဲ့ တရားခံရဲ့ မိခင်ရှေ့မှာ မေးမြန်းရာ သမီးဖြစ်သူရဲ့ မိန်းမအင်္ဂါကို လက်နဲ့ပွတ်တာ၊ လက်ချောင်းတွေနဲ့ ထိုးတာ၊ ကိုင်တာတွေ ပြုလုပ်ခဲ့ကြောင်း ထွက်ဆိုခဲ့တယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။
ဒုရဲမှူး သန်းထွန်းက “ဟုတ်ပါတယ်၊ မနေ့က ညနေက အမှုလာဖွင့်ပါတယ်၊ မိန်းကလေးငယ်ရဲ့ မိန်းမအင်္ဂါကို လက်ဖြင့်ပွတ်တယ်၊ လက်ချောင်းနဲ့ ထိုးတယ်ကိုင်တယ်ပေါ့၊ ကျနော်တို့ ဖမ်းဆီးစစ်ဆေးပြီး အမှုဖွင့်ထားပါတယ်” လို့ ဒီဗွီဘီကိုပြောပါတယ်။
ရွှေကျင်မြို့မ ရဲစခန်းက အောင်ဇင်ဖြိုးကို ရာဇသတ်ကြီးပုဒ်မ-၃၇၇ နဲ့ အမှုဖွင့် ထားတယ်လို့ သိရပါတယ်။
သတင်း၊ဓာတ်ပုံ-နေလင်းထိုက်