Home
မြန်မာသတင်း
နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လူ ၂၀၀ ကျော် ဖျားနာခဲ့
ပိုင်စိုး
·
August 19, 2017
စစ်ကိုင်းတိုင်း၊ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒေသ လဟယ်မြို့နယ်ထဲက ရွာတချို့မှာ လူပေါင်း ၂၀၀ ကျော် ဖျားနာခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။ လဟယ်မြို့နယ်၊ ထန်ပါခွေမြို့က တာမောင်နဲ့ မခွာလယ်ရွာတွေမှာ ဖျားနာခဲ့တာလို့ ထန်ပါခွေမြို့ အုပ်ချုပ်ရေးမှူး ဦးရန်ဟီးဝေက ဒီဗွီဘီကို ပြောပါတယ်။ “သာမာန်ဖျားနာတာပါ။ နှစ်ရွာလုံးမှာ ကျန်းမာရေးဌာနရှိပေမယ့် တာမောင်မှာတော့ ဝန်ထမ်း မခန့်နိုင်သေးဘူး။ အလှည့်ကျသွားပြီး ကုပေးနေရတာပေါ့” လို့ ပြောပါတယ်။ ရွာတွေဟာ မြို့နဲ့ မိုင် ၂၀ ကျော်ဝေးတယ်လို့လည်း သူက ပြောပါတယ်။ အခု ဖျားနာကြတာမှာ ကလေး၊ လူကြီး အစုံပါပေမယ့် စိုးရိမ်ရတဲ့အခြေအနေတော့ မဟုတ်ဘူးလို့ ထန်ပါခွေတိုက်နယ် ဆေးရုံက ဒေါက်တာ ဇာနည်ထွန်းက ပြောပါတယ်။ “နှာစေး၊ ချောင်းဆိုးဖျားကြတာပါ။ ဒီရာသီမှာ ဖြစ်လေ့ရှိတဲ့ အဖျားပေါ့။ ဒါပေမယ့် သူတို့ရဲ့ နေထိုင်တဲ့ ပုံစံတွေကြောင့် တယောက်ဖျားရင် တအိမ်လုံးကူးတော့ လူများသွားတာ။ စုစုပေါင်း ၂၂၁ ယောက်ပါ” လို့ ပြောပါတယ်။ ဖျားနာလို့ ဆေးရုံတက်ရသူမရှိပဲ လက်ရှိမှာလည်း သက်သာနေကြပြီလို့ သူက ဆက်ပြောပါတယ်။ ပြီးခဲ့တဲ့လကပဲ ဒီရွာတွေနဲ့ နန်းယွန်းဒေသမှာ ဖျားနာတာတွေ ဖြစ်ခဲ့သလို မနှစ်ကလည်း လဟယ်မြို့နယ်မှာ ဝက်သက် ရောဂါကြောင့် လူတွေသေဆုံးတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဓာတ်ပုံ - MOI
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024