Home
မြန်မာသတင်း
ပုဒ်မ ၆၆ ဃဖြင့် တရားစွဲဆိုမှုကို အာမခံပေးရမည့်အမှုအဖြစ် ပြည်သူ့ လွှတ်တော်အတည်
အောင်ဆန်းဦး
·
August 18, 2017
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ဃနဲ့ တရားစွဲဆိုမှုတွေကို အာမခံပေးရမယ့် အမှုအဖြစ် ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ သြဂုတ် ၁၈ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်နဲ့ အတည်ပြု ပေးပို့လာတဲ့ ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ဆွေးနွေးပြီး လွှတ်တော် အဆုံးအဖြတ်ရယူခဲ့ပါတယ်။ အမျိုးသားလွှတ်တော်ရဲ့ ပြင်ဆင်အတည်ပြုချက်အရ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ နဲ့ တရားစွဲဆိုခံရပါက တရားသူကြီးရဲ့ အဆုံးအဖြတ်ပေါ်မူတည်ပြီး အာမခံရရှိမှာဖြစ်တဲ့ သုံးနှစ်အထက် ပြစ်ဒဏ်အစား ၂ နှစ်ထက် မပိုသော ပြစ်ဒဏ်အဖြစ် ပြည်သူ့လွှတ်တော်က ပြင်ဆင်အတည်ပြုလိုက်ပါတယ်။ အဲဒီလို ပြင်ဆင်လိုက်တဲ့အတွက် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ နဲ့ တရားစွဲဆိုတဲ့ အမှုတွေကို တရားသူကြီးရဲ့ ဆုံးဖြတ်ချက်ပေါ် မမူတည်တော့ဘဲ ဥပဒေအရ အာမခံပေးကို ပေးရမယ်လို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် ဦးကျော်စိုးလင်းက ပြောပါတယ်။ “တရားစွဲဆိုခံရတယ်ဆိုတာနဲ့ အားလုံးဟာ အချုပ်ထဲမှာ အာမခံမရသေးခင် အချုပ်ထဲကနေပြီးတော့ ကြိုတင်ပြီးတော့ အပြစ်ခံရတဲ့ သဘောသက်ရောက်တယ်။ ဒါ့ကြောင့်မို့ အာမခံပေးနိုင်ရေးအတွက် ဒီပုဒ်မကို ပြင်ဆင်ပေးပါလို့ အများစုကပြောတဲ့အတွက် ကျနော်တို့က အများစုရဲ့ သဘောဆန္ဒအလျောက် ဒီပုဒ်မကို နှစ်နှစ်ထက်မပိုသောဆိုတဲ့ စကားလုံးနဲ့ အာမခံရနိုင်ရေးအတွက် ကြိုးစားပြီးတော့ ပြင်ဆင်ပေးတာပါ။ ရာဇသတ်ကြီးမှာပါပါတယ်။ ကျနော်တို့ ၃ နှစ်အောက်ဆိုလို့ရင် အာမခံပေးကို ပေးရပါတယ်။ သီးသန့်ဖော်ပြထားခြင်းမရှိဘူးဆိုရင် အားမခံပေးကိုပေးရမယ့် ပုဒ်မအဖြစ် မှတ်ယူလို့ရပါတယ်။” ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ဆွေးနွေးရာမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်မှုမရှိတဲ့အပြင် အများပြည်သူရဲ့ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို အဟန့်အတားဖြစ်စေတဲ့အတွက် ဖျက်သိမ်းသင့်တယ်လို့ အဆိုတင်ခဲ့ပါတယ်။ ဒီအဆိုဟာ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီနဲ့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတို့ရဲ့ သဘောထားနဲ့ ကွဲလွဲနေတဲ့အတွက် လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ရာမှာတော့ ရှုံးနိမ့်ခဲ့ပါတယ်။ ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ဆွေးနွေးအတည်ပြုချက်တွေကို အမျိုးသားလွှတ်တော်သို့ ပြန်လည်ပေးပို့ပြီး လွှတ်တော် နှစ်ခု သဘောထားကွဲလွဲမှုတွေရှိပါက ပြည်ထောင်စုလွှတ်တော်မှာ တင်ပြဆွေးနွေး အတည်ပြုသွားမှာဖြစ်ပါတယ်။ ဓာတ်ပုံ-ပြည်သူ့လွှတ်တော်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024