DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲဝင် ပါတီများ မဲစာရင်းပြဿနာနှင့် ရင်ဆိုင်နေရ
DVB
·
March 12, 2012
ရွေးကောက်ပွဲဝင် ပါတီများ မဲစာရင်းပြဿနာနှင့် ရင်ဆိုင်နေရ
Donate to DVB

ကြားဖြတ်ရွေးကောက်ပွဲကျင်းပဖို့ရက်၂၀ လောက်ပဲ လိုတော့တဲ့ အချိန်မှာ ရွေးကောက်ပွဲ ၀င်မယ့် ပါတီတွေ၊ ပါတီ ကိုယ်စားလှယ်လောင်းတွေဟာ မဲစာရင်း ပြဿနာ၊ အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။

ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ကြမယ့် ပါတီတွေထဲက အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (အန်ဒီအက်ဖ်)ရဲ့ ပါတီကိုယ်စားလှယ် လောင်းတချို့ လက်ရှိကြုံတွေ့နေရတာ တွေကို ပါတီခေါင်းဆောင် တဦး ဖြစ်တဲ့ ဦးခင်မောင်ဆွေက ပြောပြပါတယ်။

“ဒဂုံဆိပ်ကမ်းမြို့နယ်ပေါ့။ သူတို့ဆီမှာ မဲစာရင်းနာမည်တွေ လွဲတာတွေ၊ နိုင်ငံသားစိစစ်ရေး ကတ်တွေမှာ နံပါတ်မတူတာ၊ လွဲနေတာတွေ ရှိတယ်။ နောက် စာရင်းမပါတာတွေလည်း ရှိတယ်။ ဒီထက်  ပိုဆိုးတာက တောင်ဥက္ကလာက လူတွေက ဒဂုံဆိပ်ကမ်းမြို့နယ်မှာ စာရင်းလာပါနေတယ် ဆိုတာ သိရတယ်။”

အန်ဒီအက်ဖ် ပါတီဟာ ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ် ၁၃ခုမှာ ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ် ၄၈ခုစလုံး ၀င်ရောက် ယှဉ်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)ပါတီ ကတော့ မဲစာရင်း ပြသာနာတွေကို ၀င်ပြိုင်မယ့် ၄၈နေရာလုံးမှာ ကြုံတွေ့နေရတယ်လို့ ပါတီအတွင်းရေးမှူး အဖွဲ့ဝင် ဦးဟံသာမြင့်ကပြောပါတယ်။

“မဲဆန္ဒနယ် ၄၈ နေရာစလုံးမှာ မဲစာရင်းမှားတာတွေရှိတယ်။ အသေးစိတ် ပြောပါ ဆိုရင်လည်း အများကြီးပဲ၊ ဘယ်လိုမှားနေတယ်ဆိုတာ ပြောရမယ်။ တကယ်မရှိတဲ့သူတွေ အများကြီး ပါနေတယ်။ မှတ်ပုံတင်နံပါတ် တခုထဲမှာ လူ ၁ထောင် ကျော်လောက် ဖြစ်နေတာတို့၊ အဲဒါတွေက တက်တက်စင် လွဲနေတာပေါ့။ အဲဒါတွေ တွေ့ရတယ်။”

မဲစာရင်းမှားနေတာတွေကို ရပ်ကွက်ကော်မရှင်ထံ ၇ ရက်အတွင်း တင်ပြပြီး ဖြေရှင်းဖို့ ဆောင် ရွက် ထားပြီး၊ ရွေးကောက်ပွဲ မကျင်းပခင် အချိန်အထိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၂၂ဦး ၀င်ရောက် ယှဉ်ပြိုင်မယ့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)အနေနဲ့တော့ အခုထိ မဲစာရင်းပြသာနာ တင်ပြ လာတာ မတွေ့ရသေးဘဲ၊ တွေ့ကြုံလာရင်လဲ ဆောင်ရွက်ဖို့ ညွှန်ကြားထားပုံကို ပါတီ ဗဟိုအလုပ်အမှုဆောင် တဦးဖြစ်တဲ့ ဦးဟန်ရွှေက ပြောပြပါတယ်။

“သက်ဆိုင်ရာမဲစာရင်းတွေကို သေချာကြည့်ပါ။ လိုအပ်ရင် ကူးယူပါ။ ပြီးလို့ရှိရင် အဲဒီမှာ စာရင်းတွေအနေနဲ့ မှားတာ ယွင်းတာ ပါလာတာရှိရင် သက်ဆိုင်ရာ ကော်မရှင်ကို အမြန်ဆုံးပြောပြီး ပြင်ဆင် ဆောင်ရွက်ပါ ဆိုပြီးတော့ ပြောထားတာ ရှိပါတယ်။ ဒီလိုပြောထားတာ ရှိတဲ့အတွက် အခုထိတော့ ဒါနဲ့ပတ်သက်ပြီး ကျနော်တို့ ဗဟိုကော်မတီဆီကို အောက်ခြေကနေ တင်ပြလာတဲ့ အနေအထား မရှိသေးပါဘူး။

တစညပါတီဟာ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း နေရာ ၆၄ခု အနိုင်ရ ထားတဲ့ ပါတီ ဖြစ်ပါတယ်။

အန်ဒီအက်ဖ်ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေကတော့ အခုလို မဲစာရင်း ပြသာနာတွေ မဖြေရှင်းနိုင်ရင်တော့ ကြားဖြတ်ရွေးကောက်ပွဲဟာ တရားမျှတမှုရှိဖို့ ခက်လိမ့်မယ်လို့ ပြောသွားပါတယ်။

“မဲစာရင်းလုပ်တဲ့ အာဏာပိုင်အဆင့်ဆင့်၊ တာဝန်ပေးထားတဲ့ အောက်ခြေ အဖွဲ့အစည်းတွေက အခုထိ မဲစာရင်းဟောင်းတွေနဲ့ပဲ ဆက်လုပ်နေတယ်ဆိုရင် မျှတဖို့ဆိုတာ တော်တော်ခက်တယ်။ ဒါကိုတော့ အချိန်မီ အကြောင်းကြားမှပဲ။ သို့သော်လည်း ဘယ်လောက်ထိ ကိုင်တွယ် ဖြေရှင်းနိုင်မယ်ဆိုတာ ကော်မရှင်နဲ့ အောက်ခြေ ကိုင်တွယ်ဖြေရှင်းမယ့် အာဏာပိုင် အဖွဲ့အစည်း အဆင့်ဆင့်က ဘယ်လောက်ထိ လုပ်ပေးနိုင်တယ်ဆိုတာ မူတည်ပါတယ်။ သန့်ရှင်း တာကတော့ ကျနော်တို့ ထင်သာမြင်သာ တွေ့ရမှာဖြစ်ပြီး မျှတတာကတော့ ထင်သာမြင် သာဖြစ်အောင်  အတော် ကြိုးပမ်း ရဦးမယ်လို့ ပြောချင်ပါတယ်။”

ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၄၈နေရာအတွက် ပါတီ၁၇ပါတီက ကိုယ်စားလှယ်လောင်းတွေနဲ့ တသီးပုဂ္ဂလိက ကိုယ်စားလှယ် ၆ ဦးတို့ ပါဝင် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ရွေးကောက်ပွဲဝင် ပါတီများ မဲစာရင်းပြဿနာနှင့် ရင်ဆိုင်နေရ