Home
မြန်မာသတင်း
စွန့်ပစ်မြေဇာများကြောင့် ဖားကန့်  ဥရုချောင်း တိမ်ကောမည့်အရေးရင်ဆိုင်နေရ
DVB
·
March 12, 2012
ကချင်ပြည်နယ် ဖားကန့်အနီးမှာ ကျောက်စိမ်းလုပ်ကွက်တွေက ထွက်လာတဲ့ မြေဇာတွေကြောင့် ဥရုချောင်းဟာ တိမ်ကော သွားနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကျောက်စိမ်းလုပ်ကွက်တွေမှာ ယန္တယားတွေနဲ့ တူးဖော်နေပြီး ထွက်လာတဲ့ မြေဇာတွေကို ချောင်း အတွင်းကို စွန့်ပစ်နေကြတာကြောင့် ချောင်း ဖြတ်သန်း စီးဆင်း နေတဲ့ လုံးခင်၊ ဖားကန်နဲ့ ဆိုင်း တောင်ကြားနေရာတွေမှာ ချောင်း တိမ်ကော သွားနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။ ဖားကန့် ဒေသခံတဦးက  “ဖားကန့် ဆိုင်းတောင်ပေါ့။ ကျနော်တို့ နေခဲ့တဲ့ ဒီနေရာတွေ ကတော့ ၂၀၀၆ ခုနှစ် နောက်ပိုင်းမှ ရေက နှစ်တိုင်း ကြီးတယ်။ အခုဆိုရင် ချောင်းတွေက သဲစာတွေ ပစ်တာပေါ့။ မြေဇာတွေ ပစ်ထားတော့ လက်ပစ်တောင် ကူးသွားလို့ ရတယ်။ လမ်းတောင်လျှောက်လို့ ရတယ်။ ပေ ၄၀ - ၅၀ လောက်ပဲရှိမယ်။ ကုမ္ပဏီက မြေဇာတွေ ချောင်းထဲကို စွန့်ပစ်တော့ ချောင်းက မြင့်တက်လာပြီးတော့ ချောင်းက ကောသွားတာပေါ့။” ကုမ္ပဏီတွေက မြေဇာ စွန့်ပစ်တာတွေ များပြားတဲ့အတွက် ဥရုချောင်းထဲကို စီးဝင်နေတဲ့ ချောင်းလက်တက် တချို့ဆိုရင် ကောစပြုလာပြီး တချို့ နေရာတွေမှာ ဆိုရင် အရင်က ပေ ၃၀၀နဲ့ ၅၀၀ အကြားရှိတဲ့ ဥရုချောင်း အကျယ်ဟာ အခုအခါမှာတော့ ပေ ၅၀ လောက် ကျဉ်းမြောင်းသွားခဲ့ပြီလို့ ဒေသခံတွေက ပြောပါတယ်။ တရုတ်စီးပွားရေးလုပ်ငန်းရှင်ရဲ့ ကျောထောက်နောက်ခံ ကျောက်စိမ်း တူးဖော်ရေး ကုမ္ပဏီတွေ ဒီဒေသမှာ ကျောက်တူးဖော်ရေး လုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်နေပြီး ဒီကုမ္ပဏီတွေဟာ ကျောက်ကြောကောင်းပြီး မတူးဖော်ရသေးတဲ့ ဥရုချောင်းအတွင်း ကျောက်မျက် တူးဖော်ဖို့ အလွန် အမင်း စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။ ၂၀၁၀-၁၁ ခုနှစ်တုန်းက ဥရုချောင်း ရှင်းလင်းရေးဟုခေါင်းစဉ်တပ်ကာ ဒေသအာဏာပိုင် တွေကို ကျောက်မျက်တူးဖော်ရေးကုမဏီတွေက ငွေပေးပြီး ဥရုချောင်းအတွင်း ကျောက်စိမ်းတူး ဖော်ရေး လုပ်ငန်းများကို လုပ်ကိုင်ခဲ့ဖူးတာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကျောက်စိမ်းတူးဖော်ရာတွင် ချောင်းတွင်သာမက ကမ်းပါးများကိုပါ မြေတူးစက်တွေ တူးဖော် နေမှုကြောင့် ဖားကန့် မြို့ဘက်ခြမ်းရှိ ဥရုချောင်းကမ်းဘေး လမ်းမကြီးဟာ ရေတိုက် စားခံရပြီး ပျောက်ကွယ်သွားမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ ဥရုချောင်းဟာ ကချင်ပြည်နယ်မှာ မြစ်ဖျားခံပြီးတော့ လုံးခင်၊ ဖားကန့်၊ ဆိုင်းတောင်၊ တာမခံ၊ ဟောင်ပါးတို့ကို ဖြတ်သန်းပြီး ချင်းတွင်းမြစ်တွင်းကို စီးဝင်ပါတယ်။ ၂၀၀၆ ခုနှစ်ကလည်း ဖားကန့် ဒေသရှိ လုံးခင်း၊ ဖားကန့်၊ ဆိုင်းတောင်၊ တာမခံ အပါအဝင် ဥရုချောင်းတလျှောက် မှော်ကျေးရွာတွေဟာ ရေဘေးဒဏ်ကို စတင်ခံခဲ့ရပြီး လူအသေအပျောက်တွေလည်း ရှိခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024