Home
မြန်မာသတင်း
အခွန်အယူခံခုံအဖွဲ့ ဥပဒေကြမ်း ပြည်ထောင်စုလွှတ်တော်၌ တင်သွင်း
နေဖြိုးဝင်း
·
August 17, 2017
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက အခွန်အယူခံခုံအဖွဲ့ ဥပဒေကြမ်းကို သြဂုတ်လ ၁၇ ရက်နေ့က  ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။ လက်ရှိအချိန်မှာ အခွန်အယူခံခုံအဖွဲ့ကို တင်သွင်းလာတဲ့ အကောက်ခွန်မှုနဲ့ အခွန်အယူခံမှုတွေဟာ တနှစ်ထက် တနှစ် မျာားလာပြီး နှစ်ပေါင်း ၅၀ ကျော်ကြာ အစိုးရအဖွဲ့ရဲ့ အမိန့်ကြေညာစာနဲ့ လုပ်ပိုင်ခွင့်နဲ့ လုပ်ထုံးလုပ်နည်းတွေ သတ်မှတ်ဆောင်ရွက်နေရတာ ဖြစ်တာကြောင့် ဥပဒေနဲ့အညီ ဖွဲ့စည်းဆောင်ရွက်တဲ့ အခွန်အယူခံခုံအဖွဲ့ ဖြစ်လာဖို့ ရည်ရွယ်ပြီး အခွန်အယူခံခုံအဖွဲ့ ဥပဒေကြမ်းကို ရေးဆွဲတင်ပြရတာလို့ ဆိုပါတယ်။ စီမံဘဏ္ဍာ ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက “၂၀၁၆ ခုနှစ်အတွင်း အခွန်အယူခံခုံအဖွဲ့ကို တင်သွင်းလာတဲ့ အမှုပေါင်း ၁၂၃ မှုရှိပြီး အကောက်ခွန်အယူခံမှု ၁၀၄ မှုနဲ့ အကောက်ခွန် ပြန်လည်သုံးသပ်မှု ၁၉ မှုတို့ ဖြစ်ပါတယ်။ အမှုပေါင်း ၁၂၃ မှုလုံးကို ကြားနာစစ်ဆေးခဲ့ပါတယ်။ အကောက်ခွန်အယူခံမှု ၄၃ မှုနဲ့ အကောက်ခွန်ပြန်လည်သုံးသပ်မှု ၁၁ မှု တို့ကို ပလပ်ခဲ့ပြီး အကောက် ခွန်အယူခံမှု ၅၇ မှုနဲ့ အကောက်ခွန်ပြန်လည်သုံးသပ်မှု ၈ မှုတို့ကို ရွေးယူဒဏ်ငွေနဲ့ ပြန်လည်ပေးအပ်ခဲ့ပါတယ်။ အကောက်ခွန်အယူခံမှု ၂ မှုကို အကျဉ်းနည်းနဲ့ စစ်ဆေး ပလပ်ခဲ့ပြီး အကောက်ခွန်အယူခံမှု ၂ မှုကို ရုပ်သိမ်းခွင့်ပြုခဲ့ပါတယ်” လို့  ပြောပါတယ်။ ဒီဥပဒေကြမ်းကို ၂၀၁၄ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်းထိ အဆင့်ဆင့် ရေးဆွဲပြုစုခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကိုလည်း တင်သွင်းခဲ့ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024