ပထမဆုံးအော်စကာဆုကို လောလောလတ်လတ် ရရှိခဲ့ပြီးနောက် ဟောလိဝုဒ် သရုပ်ဆောင် အမ်မာစတုန်းဟာ ဖို့ဘ်မဂ္ဂဇင်းရဲ့ ၂၀၁၇ ကမ္ဘာ့ဝင်ငွေအကောင်းဆုံး မင်းသမီးများစာရင်းမှာ ထိပ်ဆုံးနေရာကို ရောက်ရှိခဲ့ပါတယ်။
“La La Land” ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု ရရှိခဲ့တဲ့ အသက် ၂၈ နှစ်အရွယ် အမ်မာစတုန်းဟာ အခွန်မဆောင်မီ ဝင်ငွေ ဒေါ်လာ ၂၆ သန်း ရခဲ့တယ်လို့ ဖို့ဘ်မဂ္ဂဇင်းက ဆိုပါတယ်။
အမ်မာစတုန်းဟာ အရင်က ထိပ်ဆုံးနေရာမှာရှိခဲ့တဲ့ ဂျနီဖာ အန်နစ္စတန်နေရာကို ရောက်ရှိခဲ့တာဖြစ်ပြီး ဂျနီဖာ အန်နစ္စတန်ကတော့ ၂၅ ဒသမ ၅ သန်းနဲ့ ဒုတိယနေရာကို ရောက်ရှိခဲ့ပါတယ်။
၂ နှစ်ဆက်တိုက် ဖို့ဘ်မဂ္ဂဇင်းရဲ့ ထိပ်ဆုံးနေရာမှာရှိခဲ့တဲ့ ဂျနီဖာ လောရင့်စ်ကတော့ ဒီနှစ်မှာ ဝင်ငွေ ဒေါ်လာ ၂၄ သန်းနဲ့ တတိယနေရာကို ကျဆင်းခဲ့ပါတယ်။
ထိပ်တန်း ဝင်ငွေအကောင်းဆုံး မင်းသမီး ၁၀ ဦးစာရင်းမှာ ချားလစ်ဇ်သီရွန်၊ အမ်မာဝပ်ဆင်နဲ့ မယ်လစ်ဆာ မက္ကာသီတို့လည်း ပါဝင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။