စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ဟဲဖက်ကျေးရွာအနီး ဩဂုတ် ၁၃ ရက်နေ့က သေနတ်ပစ်ခတ်မှုဖြစ်ပွားကာ ပျောက်ဆုံးနေတဲ့ မူးယစ်ဆန့်ကျင်အဖွဲ့ဝင် ကျော်မိုး(ခ) အောင်ကျော်မိုးရဲ့ အလောင်းကို ဦးခေါင်းမှာ သေနတ်ဒဏ်ရာတွေနဲ့ ပြန်လည်တွေ့ရှိခဲ့ပါတယ်။
ပျောက်ဆုံးနေတဲ့ ကျော်မိုး(ခ)အောင်ကျော်မိုး အလောင်းကို ဟဲဖက်ကျေးရွာ မြောက်ဘက် အခင်းဖြစ်ရာ နေရာနဲ့ ၁ မိုင်ခန့်အကွာ ချောင်ကြီးချောင်းကမ်းမှာ နဖူးမှ နောက်စေ့ ဖောက်ထွက် သေနတ်ဒဏ်ရာ ၁ ချက်၊ ယာနားထင် ပေါက်ထွက် ဒဏ်ရာ ၁ ချက်နဲ့ ဩဂုတ် ၁၅ ရက် မနက် ၁၀ နာရီခွဲအချိန်ခန့်က ရှာဖွေရေးအဖွဲ့က တွေ့ရှိခဲ့ရတာပါ။
တွေ့ရှိရတဲ့ အလောင်းကို ဟုမ္မလင်းမြို့နယ် နမ့်တောတိုက်နယ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မိုင်းကိုင်းနယ်မြေစခန်းမှူး ရဲအုပ်မျိုးမင်းညွန့်က တရားလိုပြုလုပ်ပြီး ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်ထားပြီး တရားခံ ဖမ်းဆီးရမိရေးကိုလည်း ဆောင်ရွက်နေတယ်လို့ မိုင်းကိုင်းနယ်မြေ ရဲတပ်ဖွဲ့စခန်းကသိရပါတယ်။