ဆီရာလီယွန်တွင် တောင်ပြိုပြီး ရွှံ့နွံဖုံးလွှမ်းမှုကြောင့် လူ ၂၀၀ ကျော် သေဆုံး

1.1K
ဆီရာလီယွန်နိုင်ငံ မြို့တော် ဖရီးတောင်း (Freetown) ရဲ့ မြို့အစွန်မှာ သြဂုတ် ၁၄ ရက်က တောင်ပြိုကျပြီး ရွှံ့နွံတွေ ဖုံးလွှမ်းသွားတာကြောင့် လူ ၂၀၀ ကျော် သေဆုံးပြီး လူနေအိမ်အများအပြား ပျက်စီးသွားပါတယ်။
အခုချိန်ထိ ဖရီးတောင်းမြို့က ရင်ခွဲရုံကို အလောင်း ၂၀၅ လောင်း သယ်သွားရတယ်လို့ ကြက်ခြေနီအဖွဲ့က ပြောပါတယ်။
တောင်ပေါ်မြို့ဖြစ်တဲ့ ရီးဂျင့် (Regent) မြို့မှာ အပျက်အစီးတွေကြား ပိတ်မိနေသူတွေကို ရဲနဲ့ စစ်သားတွေက ရှာဖွေလျက်ရှိပါတယ်။
သေဆုံးသူအရေအတွက် တိုးလာဖွယ်ရှိတယ်လို့ ကြက်ခြေနီအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် အဘူဘာကား တာရာဝယ်လီ (Abu Bakarr Tarawallie) က ပြောပါတယ်။
“ဒီလို ပြိုကျမှုမျိုးက တကယ့်ကို ကံဆိုးတဲ့အဖြစ်မျိုးပါဗျာ။ လူ့အသက်တွေလည်း ဆုံးရှုံးသွားရတာပါ။ အဲဒီဧရိယာကို ပိတ်ထားဖို့ ရဲတပ်ဖွဲ့ကို ပြောထားပါတယ်။ ဒါမှ ရှာဖွေကယ်ဆယ်ရေအလုပ်တွေ လုပ်နိုင်အောင်လို့ပါ။ စစ်သားတွေလည်း ရောက်နေပြီဆိုတော့ အားလုံး ပူးပေါင်းလုပ်ဆောင်နေပါတယ်” လို့ ဆီရာလီယွန်ရဲတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးဒါရိုက်တာ အယ်လ်ရှိတ်ခါမာရာက ပြောသွားပါတယ်။