Home
မြန်မာသတင်း
ရေး၌ မူးယစ်ဆေးဝါးတချို့နှင့် လက်ပစ်ဗုံး ၁ လုံး ဖမ်းမိ
DVB
·
August 15, 2017
မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ သြဂုတ် ၁၄ ရက်နေ့ မနက်က   မူးယစ်ဆေးဝါးသတင်းအရ နေအိမ် ၃ အိမ်ကို ဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးအချို့နဲ့ လက်ပစ်ဗုံးတလုံး ဖမ်းမိခဲ့တယ်လို့ လမိုင်းနယ်မြေခံရဲစခန်းက ပြောပါတယ်။ ရေးမြို့နယ် နှစ်ကရင်အကွက်-၅ မှာ နေထိုင်တဲ့ စိုးမင်းနိုင်(ခ)အလင်းရဲ့ နေအိမ် မီးဖိုချောင်ထရံကြားက ICE ၄ ခုနဲ့ မူးယစ်ဆေးဝါး သုံးစွဲရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပြီး မနက် ၁၁ နာရီခွဲမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ သက်သေတွေက နှစ်ကရင်ကျေးရွာ ရထားသံလမ်းအနီးက ရာဘာခြံထဲက လေးသိန်း(ခ)လေးမြင့်နဲ့ ကွန်ဘိုင်တို့ရဲ့ တဲအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား ၂ ပြားနဲ့ ICE ဆေးတွေ ထည့်တဲ့ ဆက်စပ်ပစ္စည်းတွေပါ ထပ်မံသိမ်းဆည်းရမိခဲ့တာပါ။ ကွင်းဆက်တရားခံတွေကို ရဲတပ်ဖွဲ့ဝင်နဲ့ သက်သေတွေက မွန်းလွဲ ၁ နာရီက စိုးခက်(ခ)ကျော်ခက်ရဲ့ နေအိမ်ကို ရှာဖွေရာ နေအိမ်ထဲက သစ်သားဗီရိုထဲမှာ အဝတ်နဲ့ ပတ်ထားတဲ့ အမေရိကန်လုပ် လက်ပစ်ဗုံး အမည်းရောင်နဲ့အတူ စိုးခက်ရဲ့ဇနီး မသီတာမွန်ကို ဖမ်းဆီးရမိခဲ့ပါတယ်။ စိုးခက်က ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။ လမိုင်းနယ်မြေရဲစခန်းက မူးယစ်ဆေးဝါး ဥပဒေပုဒ်မတွေနဲ့အညီ စိုးမင်းနိုင်(ခ)အလင်း၊ လေးသိန်း(ခ)လေးမြင့်နဲ့ လက်နက် ဥပဒေပုဒ်မ ၁၉-က အရ မသီတာမွန်ကို သြဂုတ် ၁၄ ရက်နေ့ ညနေ ၄ နာရီ ၃၅ မိနစ်အချိန်က အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်တရားခံ ထွက်ပြေးတိမ်းရှောင်နေသူ စိုးခက်ကိုလည်း ဖမ်းဆီးရမိနိုင်အောင် ဆောင်ရွက်နေတယ်လို့ ရဲတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ သတင်း - နေမျိုးထွဋ်(ရေး)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024