နိုင်ငံရေးအရ တသံတည်းဖြစ်ဖို့ ကေအန်ယူနှင့်ဒီကေဘီအေ သဘောတူ
နော်နိုရင်း
·
March 9, 2012

မြန်မာအစိုးရနဲ့ နိုင်ငံရေးဆွေးနွေးတဲ့အခါ ကရင်အမျိုးသားတွေ တသံတည်း ပြော ဆိုကြဖို့ ကေအန်ယူနဲ့ ဒီကေဘီအေတို့ ဆွေးနွေး သဘောတူခဲ့ကြပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ကိုယ်စားလှယ်တွေနဲ့ ဗိုလ်ချုပ် စောလားဘွယ် ဦးဆောင်တဲ့ တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်ဖွဲ့ (ဒီကေဘီအေ) ကလိုထူးဘောတပ်ဖွဲ့ တာဝန်ရှိသူတွေ မတ် ၈ ရက် နေ့က ဒီကေဘီအေဌာနချုပ်မှာ ဆွေးနွေးပြီး သဘောတူညီချက်ရခဲ့တာပါ။
အတိတ်က အဖြစ်အပျက်တွေကို သင်ခန်းစာယူပြီး အနာဂတ်မှာ နိုင်ငံရေးအရ တသံတည်းဖြစ်အောင် ဆွေးနွေးခဲ့တာလို့ ဆွေးနွေးသူတဦးဖြစ်တဲ့ကေအန်ယူ အထွေထွေအတွင်းရေးမှူး (၁) ဗိုလ်မှူးစောလှငွေက ပြောပါတယ်။
“မတူကွဲပြားခြားနားတဲ့ နည်းလမ်းတွေနဲ့ လုပ်တာတွေ ဆက်လက် ရှိနေမှာ ဖြစ်ပေမဲ့ တကယ်တမ်း နိုင်ငံရေးရည်ရွယ်ချက် အနေအထားတွေမှာ မိခင် ကေအန်ယူ အစည်းအရုံးရဲ့ အကြံပေးမှုတွေနဲ့ ရှေ့ဆောင်မှုတွေကို သူတို့ မငြင်းပယ်ဘူး ဆိုတဲ့အကြောင်း လိုအပ်သလိုပေါ့လေ။”
သူနဲ့အတူ တပ်မဟာ ၇ မှူးအပါအဝင် စစ်အရာရှိ ၁၀ ဦးလောက် သွားရောက် တွေဆုံတာလို့ ပြောပါတယ်။
၁၉၉၄ ခုနှစ်က ကေအန်ယူကနေ ဒီကေဘီအေတပ်ဖွဲ့ ခွဲထွက်ခဲ့ပြီး အစိုးရနဲ့ အပစ်အခတ် ရပ်စဲခဲ့ပါတယ်။ ဒီတွေ့ဆုံမှုဟာ ကွဲကွာနေတဲ့ ကရင်လက်နက်ကိုင်နှစ်ဖွဲ့ ၁ဂနှစ် အတွင်းမှာ ပထမဆုံးအကြိမ် တရားဝင် တွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေးအရ တသံတည်း ထွက်ဖို့ နားလည်မှုယူကြတာ ဖြစ်ပါတယ်။ ဒီတွေ့ဆုံမှုကြောင့် လူထုအကျိုး အများကြီး လုပ်ဆောင်နိုင်မယ်လို့ ဒီကေဘီအေ ပြောခွင့်ရသူ ဗိုလ်မှူးစောလုံ့လုံက ပြောပါတယ်။
“ဒီကေဘီအေ အဖွဲ့နဲ့ ကေအန်ယူ တရားဝင် တွေ့ဆုံတဲ့ပွဲ ဖြစ်တယ်။ ကရင်လူထု၊ ကရင်အမျိုးသား အားလုံးရဲ့ အနာဂတ် လှပဖို့အတွက် ကောင်းမွန်တဲ့ ခြေလှမ်းတရပ် အလှည့်အပြောင်း တခုလို့ မြင်ပါတယ်။”
နအဖအစိုးရရဲ့ နယ်ခြားစောင့်တပ်အသွင် ပြောင်းခိုင်းတဲ့ အပေါ် လက်မခံတဲ့ ဗိုလ်မှူးချုပ် စောလားဘွယ် (ခ) ဗိုလ်နှုတ်ခမ်းမွေး ဦးဆောင်တဲ့ ကလိုထူးဘော တပ်ဖွဲ့က အစိုးရကို ပြန်လည် တိုက်ခိုက်ခဲ့ပြီး မနှစ် ဒီဇင်ဘာမှာ ပြန်ပြီး အပစ်အခတ် ရပ်စဲခဲ့ပါတယ်။ အလားတူ ကေအန်ယူကလည်း အစိုးရနဲ့ အပစ်အခတ် ရပ်စဲဖို့ ပဏာမ သဘောတူထားပါတယ်။
အခု ကရင်လက်နက်ကိုင် နှစ်ဖွဲ့ဟာ အစိုးရနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု မလုပ်ခင် ဆွေးနွေးတာ ဖြစ်ပါတယ်။ လာမယ့် ဧပြီ ပထမအပတ်မှာတော့ ကေအန်ယူအနေနဲ့ အစိုးရနဲ့ နိုင်ငံရေးအရ ဆွေးနွေးဖို့ တွေ့ဆုံမှာ ဖြစ်တယ်လို့ သိရပါတယ်။
ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးဟာ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် အရင်အစိုးရအဆက်ဆက်ကို လက်နက်ကိုင် တော်လှန်နေတာ ဖြစ်ပါတယ်။
