သံတိုင်ကြားက ပန်းချီကားများ ပြပွဲ (အင်တာဗျူး)

3.3K
နိုင်ငံရေးအကျဉ်းသားတွေရဲ့ ထောင်တွင်းဘဝ ဖြတ်သန်းမှုကို တင်ပြဖို့ ရည်ရွယ်တဲ့ အနေနဲ့ သံတိုင်ကြားက ပန်းချီကားများ အမည်ရှိတဲ့ ပန်းချီ ပြပွဲ တရပ်ကို နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့က ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းက စာပေလောက ဆိုင်ခွဲ ၂ မှာ မတ် ၉ ရက်က စပြီး ကျင်းပ ပြုလုပ်နေပါတယ်။
[caption id="attachment_22396" align="alignright" width="300" caption="ပြပွဲတွင် ပြသထားသည့် ပန်ချီကား"]
[/caption]
ပန်းချီပြပွဲက ထူးခြားချက် တချို့အကြောင်းကို ပြပွဲ စီစဉ်သူ တဦးဖြစ်တဲ့ ပန်းချီထွန်းဝင်းငြိမ်းက ပြောပြပါတယ်။
ပြပွဲမှာ ပြသမယ့် ပန်းချီကားပေါင်း ၁၁ဝ ကျော်က အများအားဖြင့် အကျဉ်းထောင်အသီးသီးမှာ ထောင်ကျစဉ်ဆွဲခဲ့တဲ့ ပန်းချီကားတွေချည်းလား။
"ပန်းချီကားတွေရဲ့ ၃ ပုံ ၂ ပုံလောက်က အကျဉ်းထောင်မှာ ဆွဲခဲ့တာပါ။ ကျန်တဲ့ ပန်းချီကားတွေက အကျဉ်းထောင်ခံစားမှုပေါ့။ ကိုယ်ဖြတ်သန်းခဲ့စဉ်က ခံစားမှုကို အပြင်ရောက်မှ ပြန်ဆွဲတဲ့ ကားတွေပါ ပါတယ်။ ဥပမာ - ကျနော် ဆိုရင် ၁ဝနှစ်ခွဲလောက် နေခဲ့တယ်။ အတွင်းထဲမှာ ရေးခဲ့တဲ့ ပန်းချီကားတွေက ပျက်စီးသွားပြီ။ ဒါပေမယ့် ကျနော် မှတ်မိတာတွေ ရှိတယ်။ ဒီလို မြင်ကွင်းတွေ sketch ပုံကြမ်းတွေကို ပြန်ရေးပါတယ်။ ကျနော် တောင်ငူအကျဉ်းထောင်မှာ ဖြတ် သန်းခဲ့ရတော့ တောင်ငူ ၁၊ ၂၊ ၃၊ ၄ ၊ ၅၊ ၆ ဆိုပြီး ပန်းချီကားလေးတွေ ပြသဖြစ်ပါတယ်။ များသောအားဖြင့် ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ ကိုပြုံးချို၊ ကိုဌေး ကြွယ် တို့ အပါအဝင်၊ မျိုးဆက်အသီးသီး၊ ကိုကျော်ကိုကို တို့လည်း ပါမယ်။ ကိုဇော်လူသိန်း၊ ကိုစန်းဇော်ထွေးတို့ ၉၆တုန်းက လူတွေပါတယ်။ အဲ့လိုလူတွေ ကလည်း ထောင်တွင်းမှာ ဖန်တီးဖြစ်ခဲ့ကြတဲ့ အနုပညာလက်ရာ တွေ ပါမယ်။"
များသောအားဖြင့် မျိုးဆက်အဆင့်ဆင့် ကျောင်းသားတွေရဲ့ ပန်းချီကား လက်ရာတွေလို့ ပြောလို့ ရမလား။
"ဟုတ်ပါတယ်။ မျိုးဆက်အသီးသီးရဲ့ ကျောင်းသားတွေပါ။ ၇၅ တုန်းက ဖြတ်ခဲ့တဲ့ ကိုစံမင်းတို့လို ကျောင်းသားဟောင်းတွေလည်း ပါတာပေါ့။ သူတို့ဆို အပြင်မှာလည်း ဆရာ ဘဝနဲ့ ရပ်တည်နေတယ်။ အခုနောက်ဆုံး ၂၀၀၇ ဗကသ ကိုကျော်ကိုကိုတို့ရဲ့ လက်ရာတွေလည်း ပါတယ်။"
အခု ပြပွဲမှာ ပြသမယ့် ပန်းချီကားတွေက သူတို့ ထောင်ထဲမှာဆွဲတဲ့ မူရင်းလက်ရာအတိုင်း ပြမှာလား။
"ဟုတ်ကဲ့။ မူရင်းလက်ရာအတိုင်း ပြမှာပါ။"
ဘယ်လိုပုံစံမျိုး ဖြစ်မလဲ။ ဥပမာ သူတို့ ထောင်ထဲမှာ ရတဲ့ ပစ္စည်းတွေနဲ့ ဆွဲတဲ့ ပန်းချီကားတွေ ပြမှာလား။
"ဟုတ်ကဲ့ ရတဲ့ ပစ္စည်းတွေ ဆိုတာလည်း ထောင် အနေအထားပေါ် မူတည်ပြီးတော့ တချို့ ထောင်လည်း ဆေးသွင်းလို့ရမယ်။ တချို့လည်း စာအုပ် သွင်းလို့ ရမယ်။ တချို့လည်း စာအုပ်တောင် အဆင်မပြေဘူး။ ဥပမာ - ကိုလှိုင်ဝင်းဆွေ ဆိုရင် ၉၆ထဲက ထင်ပါတယ်။ သူနေတဲ့ ထောင်ဆိုရင် ဗလာ စာအုပ်တောင် သွင်းဖို့ အဆင်မပြေဘူး။ မဂ္ဂဇင်းတော့ သွင်းလို့ရတယ်။ အဲ့တော့ ပုံနှိပ်ပြီးသား မဂ္ဂဇင်းပေါ်မှာပဲ ဘောပင်(သို့) ခဲတံနဲ့ပေါ့ ခြစ်ပြီး လွတ်တဲ့ နေရာတွေမှာ လိုက်ရေးထားတယ်။ လွတ်တဲ့ နေရာလေးတွေမှာ လိုက်ရေး တော့ သူဟာ သီးခြား ပန်းချီရေးနေသလို မဟုတ်ဘဲနဲ့ မဂ္ဂဇင်းပေါ်မှာပဲ သရုပ် ဖော်ပုံ ရေးသလို ရေးတာပေါ့။ ဒါကို အာဏာပိုင်ကလည်း သတိမထားမိ တော့ ဘူးပေါ့။ သီးခြား စာအုပ်နဲ့ ပန်းချီရေးဖို့ အဆင်မပြေဘူးလို့ ပြောတယ်။ သူနေ တဲ့ ထောင်အရပေါ့။
ဒါမျိုး ပန်းချီကားတွေ ပါသလို အဝတ်ပေါ်မှာ ကောက်ကြောင်း ဆွဲပြီး တော့မှ ချည်ထိုးတဲ့ ပန်းချီကားတွေပါတယ်။ အဝတ်ပေါ်မှာ ဘောပင်နဲ့ ရေး တယ်။ ရရာ ဆေးမင်တွေ တို့ပြီးတော့ ခြစ်ပြီး ရေးရတဲ့ မူရင်း ပန်းချီကားတွေ လည်း ပါတယ်။ မြင်ကွင်းတွေကတော့ ထောင် မြင်ကွင်းတွေလည်း ဖြစ်ရင် ဖြစ်မယ်။ တင်းကျပ်တဲ့ နေရာမှာ လွတ်လပ်မှုကို မျှော်လင့်မိလို့ ရှုခင်းကား တွေလည်း ဖြစ်ချင် ဖြစ်မယ်။ ဒီလို မြင်ကွင်းတွေနဲ့ ရရာ ပစ္စည်းတွေ သုံးပြီး ဆွဲထားတဲ့ ပန်းချီကားတွေကို မူရင်းအတိုင်း ပြန်ပြမှာပါ။"
ကျနော်တို့ အကျဉ်းထောင်တွေကို ဖြတ်သန်းခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား တွေရဲ့ လက်ရာဆိုတော့ လာကြည့်မယ့် ပရိသတ်တွေ အနေနဲ့က ဘယ်လို ရသ အသစ်တွေ ခံစားရရှိ သွားနိုင်ပါလဲ။
"ပန်းချီပြပွဲ အသီးသီးမှာ တွေ့ရခဲတဲ့ လက်ရာမျိုးတွေပေါ့။ ဥပမာ - အကျဉ်းထောင် မြင်ကွင်းဆိုတာဟာ ကျန်တဲ့ နေရာတွေမှာ တွေ့ရလေ့ မရှိပါဘူး။ နောက်တခုက အရင်ခေတ်တုန်းက အကျဉ်းထောင် မြင်ကွင်းကို ရေးတဲ့အခါမှာ အုတ်ရိုးနဲ့ ထောင်ဝါဒါစောင့်တဲ့ ကင်းမျှော်စင်မျိုးလောက် ပုံမှန်တွေ့ဖူးတာပေါ့။ ဒါပေမယ့် အခုရေးတဲ့ ကားတွေမှာ ပုံစံဆန်းတာပါမယ်။ ကိုယ့်တိုက်ခန်းထဲမှာ ပြက္ခဒိန် မရှိလို့ ထောင်ဝင်စာ လာတွေ့တဲ့ ရက်ကို တာလီမှတ်သလို တုတ်ချောင်းလေးတွေ ခြစ်ပြီး မှတ်နေတဲ့ မြင်ကွင်းမျိုးတွေ တွေ့ရမယ်။ ဒါတွေဟာ အခုလို ထိုက်သင့်သလောက် ပွင့်လင်းလာတဲ့ အချိန်မှာ ဖော်ပြခွင့် ရတဲ့အတွက် အရင်မတွေ့ဖူးတဲ့ မြင်ကွင်းတွေမျိုး ဖြစ်မယ်လို့ ယူဆပါတယ်။
“ပရိသတ်ဟာ ဒါတွေကို ကြည့်ခြင်းအားဖြင့် အနိမ့်ဆုံးအားဖြင့် လူသားဆန်တဲ့ ခံစားမှုလေပေါ့။ လူသားဆန်တဲ့ အနုပညာလို့ ကျနော် ပြောချင် ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့။ အကျဉ်းအကျပ်ထဲမှာ ဖြတ်သန်းနေရသူတွေရဲ့ နေထိုင်မှု ဘဝကို ကြည့်ခြင်းအားဖြင့် သူတို့ဟာ နိုင်ငံရေးဘဝကို ဖြတ်သန်း နေကြတယ်။ ကိုယ်ကျိုးစွန့်နေကြတဲ့ သူတွေဖြစ်တယ်။
“ဒီလို ဆင်းဆင်းရဲရဲနဲ့ အနေအထိုင် ဆင်းရဲစွာနဲ့ ဖြတ်သန်းရတဲ့ မြင်ကွင်း မျိုးပါ။ ဖိနှိပ်မှုတွေကို သူတို့ရဲ့ အနုပညာစိတ်နဲ့ ရပ်တည်ပြီး နေခဲ့ကြတယ် ဆိုတဲ့ တစုံတရာ စာနာစိတ်ပေါ့။ ဒီအပေါ်မှာ လူသားဆန်တဲ့ စာနာမှုတွေလည်း ပိုပြီးရလာနိုင်တယ်လို့ ကျနော် မျှော်လင့်ပါတယ်။”

