လမ်းဖြတ်ကူးသူ တပ်မတော်သားတဦး ကားတိုက်ခံရ၍ သေဆုံး
DVB
·
August 13, 2017
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ လက်ပြကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ သြဂုတ်လ ၁၃ ရက် မနက်က လမ်းဖြတ်ကူးသူ တပ်မတော်သားတဦးကို ယာဉ်တစီး ဝင်ရောက်တိုက်မိလို့ သေဆုံးသွားပါတယ်။
ရန်ကုန်ကနေ မော်လမြိုင်ကို ယာဉ်မောင်း ဆန်ထွန်း မောင်းနှင်လာတဲ့ ကားဟာ ကားလမ်းမိုင်တိုင်အမှတ်(၁၀၅/၂) အနီးအရောက် လမ်းဖြတ်ကူးလာတဲ့ တပ်သား မျိုးမင်းနောင် ကို အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်ပါတယ်။
ကျိုက်ထိုမြို့မရဲစခန်းမှူး ဒုရဲမှူ မြင့်ဌေးက "သေဆုံးသွားတဲ့တပ်မတော်သားက ပုသိမ် စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း ၉၀၇ ကနေ ကျိုက်ထိုက တပ်မ ၄၄ မှာ တွဲဘက်တာဝန်ထမ်းဆောင်ဖို့ လိုင်းကားနဲ့ လိုက်လာတယ်။ ဘဲလေးထမင်းဆိုင်ရောက်တော့ ထမင်းစားတယ်။ ပြီးတော့ လမ်းတဖက်မှာရှိတဲ့ ကွမ်းယာဆိုင်မှာ ကွမ်းဝယ်စားဖို့ ကားလမ်းဖြတ်ကူးတဲ့ အချိန်မှာ ရန်ကုန်ဘက်ကလာတဲ့ ကားက ဝင်တိုက်မိတာ'' လို့ ပြောပါတယ်။
ယာဉ်တိုက်မိမှုကြောင့် တပ်သားမျိုးမင်းနောင်တွင် ဝဲဂျိုးစောင်းပေါက်ပြဲ၊ ဝဲ ယာ မျက်လုံးဖူးယောင်ညိုမဲ၊ ဝဲပေါင်ပွန်းရှ၊ ဝမ်းဗိုက်ဝဲဘက်ပွန်းရှဒဏ်ရာတွေ ရရှိခဲ့လို့ ကျိုက်ထိုပြည်သူ့ ဆေးရုံကို တင်ပို့ကုသစဉ် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ကျိုက်ထိုမြို့မရဲစခန်းက ဆန်းထွန်း ကို ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၄(က) နဲ့ အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
သတင်း-ယူမင်းစိုး