ရိုဟင်ဂျာ ၄ သောင်းခန့် ပြန်ပို့ရေး မြန်မာ၊ဘင်္ဂလားဒေ့ရှ်တို့နှင့် အိန္ဒိယ ဆွေးနွေး

အိန္ဒိယနိုင်ငံထဲ တရားမ၀င်နေထိုင်တဲ့ ရိုဟင်ဂျာ ၄ သောင်းလောက်ကို ပြည်နှင်ဒဏ်ပေးတော့မယ်လို့ စီစဉ်ထားကြောင်း အိန္ဒိယအစိုးရက မြန်မာ၊ ဘင်္ဂလားဒေ့ရှ် အစိုးရတို့နဲ့ ဆွေးနွေးနေပါတယ်။ ဒီစီမံကိန်းအတွက် ပြည်နယ်အစိုးရတွေက အလုပ်အဖွဲ့တွေ ဖွဲ့စည်းဖို့ ဗဟိုအစိုးရက ညွှန်ကြားထားပြီး ဖြစ်တယ်လို့ အိန္ဒိယအစိုးရ ပြောရေးဆိုခွင့်ရှိသူက သြဂုတ် ၁၁ ရက်နေ့က ပြောပါတယ်။ တရားဝင် စာရင်းဇယားတွေအရ  အိန္ဒိယနိုင်ငံမှာ နေထိုင်တဲ့ ရိုဟင်ဂျာ ၁ သောင်း ၄ ထောင်လောက်ကပဲ ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီမှာ စာရင်းသွင်းထားပါတယ်။ ကျန်နေသေးတဲ့ ၂ သောင်း ၆ ထောင်လောက်က တရားမ၀င် နေထိုင်သူတွေဖြစ်ပြီး သူတို့ကိုတော့ ပြန်ပို့ဖို့ ဥပဒေအရ တာဝန်ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။ အိန္ဒိယနိုင်ငံဟာ ဒုက္ခသည်အရေးနဲ့ပတ်သက်ပြီး ကုလသဘောတူညီချက်မှာ လက်မှတ်ရေးထိုးထားတာ မရှိသလို ဒါကို ဘယ်အမျိုးသားဥပဒေကမှ မကာကွယ်ထားပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာ အစိုးရ ၂ ရပ်နဲ့ သံတမန်အဆင့်မှာ ဆွေးနွေးနေပါတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရပုဂိုလ်  ကေ အက်စ် ဒါတွာလီယာ က ပြောပါတယ်။ ဒါပေမယ့် ရိုဟင်ဂျာတွေကို ပြည်နှင်ဒဏ်ပေး၊ နှင်ထုတ်တာတွေဟာ သင့်တော်မှန်ကန်တာတော့ မဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ ရိုဟင်ဂျာတွေဟာ ဂျမူး၊ ဥတာပရာဒက်ရှ်၊ ဟာရ်ယာနာနဲ့ ဒေလီရဲ့ တချို့နေရာတွေမှာ၊ ဟိုက်ဒရာဘတ်နဲ့ ရာဂျာစ်သန် ပြည်နယ်တွေမှာ အဓိက နေထိုင်ကြပါတယ်။

More News
Up